ကျိုင်းတုံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီက တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်၊ ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ကျင်းပသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ရာ ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး ထောက်ပံ့ပေးနေသည့် ဘိုးဘွား ရိပ်သာ(၁)ခု၊ မသန်စွမ်းပရဟိတဂေဟာ (၁)ခုနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၁)ခုတို့ကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပရဟိတဂေဟာနှင့်အတူ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၁၁)ကျောင်းနှင့် မိခင်ဝိုင်း (၂၇)ကျောင်းတို့ကိုပါ ထောက်ပံ့ကြေးပေးအပ်လျက်ရှိပြီး ယနေ့တွင် ဘိုးဘွားရိပ်သာ (၁)ခု၊ မသန်စွမ်းပရဟိတဂေဟာ (၁)ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၁)ခုတို့အား နိုင်ငံတော်၏ကိုယ်စား ယခုလို ကိုယ်ထိလက်ရောက် ထောက်ပံ့ချီးမြှင့်ပေးခွင့်ရသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနည်းတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ထောက်ပံ့ပေးမည့် ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်းတုံဘိုးဘွားရိပ်သာအတွက် ကျပ် ၁၁၀၂၅၀၀၊ စိန်မေရီမသန်စွမ်းဂေဟာအတွက် ကျပ် ၈၁၀၀၀၀၊ မေတ္တာရိပ်မြုံ လူငယ်ပရဟိတဂေဟာအတွက် ကျပ် ၁၃၂၃၀၀၀၊ စုစုပေါင်း ၃၂၃၅၅၀၀ ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုများကို ခံယူ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျိုင်းအင်းလမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော နောင်တုံကန် ကွန်ကရစ်တိုင်နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျိုင်းတုံမြို့ ဝစီပိတ်သီလဓမ္မကုန်းသာတောရ ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကာ နဝကမအလှူငွေကျပ်သိန်း (၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က ဆက်ကပ်လှူဒါန်းပေးကြပြီး ဗုဒ္ဓဥယျာဉ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)