ချင်းရွှေဟော် ၂၂ စက်တင်ဘာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဉီးဆောင်၍ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဉီးနေလင်း၊ ညွှန်ကြားရေးမှူး ဉီးထင်ကျော်အေးတို့ လိုက်ပါလျက် ယနေ့ မွန်းလွဲ ၂ နာရီက ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပြီး ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်မှ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအတွက် ငွေကျပ်သိန်း(၂၀)၊ နှာခေါင်းစည်း(Mask) ခုရေ (၂၅၀၀)နှင့် လက်အိတ်အစုံ (၅၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)