လားရှိုး ၂၅ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ခြင်းကို စက်တင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီက လားရှိုးမြို့ မယ်ဟန်ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပကြောင်း သိရသည်။
လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံရေးစိစစ်ရေးကတ် (၅၇)ကတ်၊ နောင်သုံးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ် (၁၅)ကတ်၊ နမ့်ခိုက်ကျေးရွာအတွက် (၆)ကတ်တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာ မယ်ဟန်ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိလာပြီး မန်ဆူဆရာတော်အား ဖူးမြော်ကန့်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း (၂၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ရှိ အမှတ်(၁၊ ၅၊ ၉၊ ၁၀၊ ၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင် ဝန်ကြီးချုပ်က လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ် မရှိသေးသူ (မဲစာရင်းတွင် အပေါက်ဖြစ်နေသူ) (၆၁၉၀၁)ဦးရှိပြီး ယနေ့ထိ (၈၈၈၉)ဦးအား မှတ်ပုံတင်နံပါတ် စိစစ်ဖြည့်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ(၂၆၀၂)ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိ မဲစာရင်းအပေါက်ဖြစ်နေမှုအား (၁၁၄၉၁)ဦး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်ပေါင်း (၅)ရပ်ကွက်မှ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပြီး ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းမှ ရွေးကောက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လည်းကောင်း ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ် Coronavirus Disease 2019 ကာကွယ် ထိန်းချုပ် ကုသရေး ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်း mask(၂၅၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့မှ ပေးအပ်ရာ ခရိုင်/မြို့နယ်ဥက္ကဋ္ဌများက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)