မိုင်းဆတ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်တွင် ဥပဒေရုံးသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက မိုင်းဆတ်မြို့တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ရှမ်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခင်က မိုင်းဆတ်ခရိုင်ဥပဒေရုံးနှင့် မိုင်းဆတ်မြို့နယ် ဥပဒေရုံးတို့သည် အဆောက်အဦတစ်ခုတည်း၌ (၂)ရုံးပေါင်း ဖွင့်လှစ်ထားရပါကြောင်း၊ ယခုအခါ ခရိုင်ဥပဒေရုံးနှင့် မြို့နယ်တို့သည် သီးခြားအဆောက်အဦ ကိုယ်စီရှိပြီးဖြစ်၍ နေရာထိုင်ခင်းလုံလောက်စွာဖြင့် ရုံးလုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိုင်းဆတ်မြို့တွင် အဆောက်အဦသစ် တည်ဆောက်နိုင်ခြင်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်ပြီး ရုံးအဆောက်အဦးကို တိုးတက်ကောင်းမွန်အောင် နိုင်ငံတော်အစိုးရက ပံ့ပိုးဆောင်ရွက်ပေးနေသလို ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ယခုထက်ပို၍ မိမိဌာန၏ လုပ်ငန်းများ အောင်မြင်တိုးတက်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေးမှ အဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ မိုင်းဆတ်ခရိုင် ဥပဒေရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


