သီပေါ ၂၂ စက်တင်ဘာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် Covid-19ကော်မတီ နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ မဲဆန္ဒရှင်စာရင်းများမဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင် ပြင်ဆင်ထားရှိမှုများကိုရှင်းလင်းတင်ပြီးမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရင်ထွေးမှ Covid-19ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြကြကြောင်း သိရသည်။
ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ်Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask ခုရေ (၂၅၀၀) ပေးအပ်ရာ မြို့နယ် ကိုဗစ် -၁၉ ကော်မတီဥက္ကဋ္ဌဦးရင်ထွေးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်လားရှိုးမြို့နယ်၊ စင့်အင်ကျေးရွာ၊ ပုန်းထွန်ကျေးရွာ၊ နောင်ကွဲကျေးရွာနှင့် ခေးနင်းကျေးရွာရှိ အသက်(၈၀နှင့်၈၅)အထက်ဘိုးဘွားတို့အား နိုင်ငံတော်မှထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်စီ နှင့် ကျေးရွာ(၁)ရွာချင်းအတွက်ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက် mask (၁၅၀၀)စီနှင့် Hand Gel (၅)ဘူးစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)