တောင်ကြီး၊ ဇန်နဝါရီ ၁၀
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းများပြန်လည်ဖွင့်ပြီဖြစ်၍ အားကစားကဏ္ဍတွင် ပစ္စည်းများလိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း အားကစားဆောင်ရွက်မှသာ တစ်ဖက်တွင်လည်း စာကို ကြိုးစားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အတွက် ပြက္ခဒိန်နှစ်အလိုက် ကစားရမည့် အားကစားနည်းများ ပေါ်လာမည်ဖြစ်ကြောင်း၊ Outdoor Fitness Instrument ပစ္စည်းများကို ဆရာ/ဆရာမများ အပါအဝင် ကျောင်သား/ကျောင်းသူများ သွားလာလွယ်ကူသည့် နေရာများတွင် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်ကလေးသူငယ်များ အောင်မြင်စွာ မွှေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍတွင်လည်း ကောင်းမွန်စွာ လေ့ကျင့်နိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများက ပူးပေါင်းကာကွယ် စောင့်ရှောက်ပေးမှသာ လုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ အားလုံးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းမှုတွင် Outdoor Fitness Instrument (၄)စုံ၊ ပိုက်ကျော်ခြင်းအခင်းပြား (၁)စုံ၊ ပိုက်ကျော်ခြင်းတိုင်စင် (၁)စုံ၊ ဘော်လီဘောတိုင်စင် (၁)စင်၊ စားပွဲတင်တင်းနစ်ခု (၂)စုံ၊ ဘောလုံးအလုံး (၂၀)၊ ဘော်လီဘောအလုံး (၂၀)၊ ပိုက်ကျော်ခြင်းအလုံး (၂၀) စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၁၄၀)ခန့် လှူဒါန်းပေးကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


