မိုင်းပန် ဇူလိုင် ၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ် နမ့်စန် -မိုးနဲ- မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တံတား၊ လမ်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းပိုင်းအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်၊ စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကိုမှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုင်းတုံခရိုင် မိုင်းတုံမြို့သို့သွားရောက်၍ မြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ကူညီ ကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိမှုအခြေအနေ၊ တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်း တံတားအမှတ် (၂/၂၃၆)ကို ပေ ၉၀ ဘေလီတံတား ပြန်လည်တည် ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် မိုင်းတုံခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ပြည်နယ် ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအားလုံးသည် ပြည်သူများ အားကိုးအားထားပြုရသည့် ဌာနများဖြစ်ရန် လိုအပ်ပါကြောင်း၊ မြို့မိမြို့ဖများနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသ လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)