ရှမ်းရွာသစ် ၂၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ပိတောက်လမ်း အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလပထမပတ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့မှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


