နေပြည်တော် ၈ ဇွန် 


ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆောက်လုပ်လှူဒါန်းသည့် ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဆောက်လုပ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် အဆောက်အဦ ဆောက်လုပ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားပြီး ဦးဆောင်ကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌဒေါ်မေယဉ်ထွန်းက အရည်အသွေး စစ်ဆေးရေးအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီသို့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု ဖွဲ့စည်းထားသော အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ ပူးပေါင်း၍ အကောင်းဆုံး စိစစ်ပေးနိုင်ရန် ပြောကြားသည်။


ထို့နောက် ဦးဆောင်ကော်မတီ၊ အတွင်းရေးမှူးနှင့် တက်ရောက်ကြသူများက ဝိုင်းဝန်း ဆွေးနွေးကြပြီး ဥက္ကဋ္ဌက ဇွန်လကုန်တွင် ဆောင်ရွက်မည့် ပထမထပ် ကြမ်းခင်းလောင်းသည့်အချိန်တွင် အဆောက်အဦ အရည်အသွေးစစ်ဆေးရေးအဖွဲ့က ကြိုတင်စစ်ဆေး အတည်ပြုပေးရန် ပြောကြားသည်။


အစည်းအဝေးသို့ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသည် ကလေးပြုစု ရေးဌာန (နေပြည်တော်) အတွက် (၁၀ဝ x ၈၀၊) (၃) ထပ် မွေးကင်းစကလေးငယ်များ ပြုစုစောင့်ရှောက်ရေး အဆောင်ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် ဆောက်လုပ်လျှက်ရှိပြီး ဆောက်လုပ်ပြီးစီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်