နေပြည်တော် ၂၆ ဇွန်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များ၊ ဌာဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍနှင့် သတင်း မီဒီယာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ၊ ယင်း၏လုပ်ငန်းအဖွဲ့ (၅)ဖွဲ့သည် အလွန်အရေးပါပါကြောင်း၊ တာဝန်ယူမှုရှိပြီးအရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် မျှတပြီးကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများ အတွက်အထောက်အကူပြုမည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် အဓိကကျသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သောရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည့်အစိုးရ၏ ကြိုးပမ်းမှုများကို ထင်ဟပ်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Chief Representative Mr. Masayuki Karasawa ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် JICA မှ Team Leader, Mr. Kazuo Mishima တို့က ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC) နှင့် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee −JCC) အဖွဲ့ဝင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ တက်ရောက်သည်။
သတင်းစဉ်


