နေပြည်တော် ဒီဇင်ဘာ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၂) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အသိပညာမျှဝေဆွေးနွေးမည့် “ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူမြန်ဆန်စေရေး အတွက် ဆောင်ရွက်လျက်ရှိသည့် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်မှုရှိသော အကြောင်းအရာပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် ဧရာဝတီတိုင်းဒေသကြီးသည် လူဦးရေထူထပ်ပြီး စိုက်ပျိုးမြေများစွာရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပို့ကုန်များစွာ ထွက်ရှိသည့်ဒေသဖြစ်ခြင်းနှင့် အပန်းဖြေသွားလာလည်ပတ်နိုင်သည့် ကမ်းခြေများ ရှိခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ဘက်စုံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နိုင်သဖြင့် နိုင်ငံ့စီးပွား တိုးတက်မှုအတွက် အရေးပါသောဒေသကြီးဖြစ်ပါကြောင်း၊ ထိုသို့ ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်း၊ သဘာဝအရင်းအမြစ်များစွာရှိခြင်း၊ လူဦးရေ ထူထပ်များပြားခြင်းနှင့် မြေဩဇာကောင်းမွန်သော မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းတို့သည် ရင်းနှီး မြှုပ်နှံမှုအတွက် အားထားရသည့်အချက်များဖြစ်သဖြင့် ယနေ့ဆွေးနွေးတင်ပြမည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို တက်ရောက်လာကြသူများမှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ပိုင်က “ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ ဧရာဝတီတိုင်း ဒေသကြီး၏ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ခရီးသွားလုပ်ငန်းများ၊ ဒေသထုတ်ကုန် အမှတ်တံဆိပ်နှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေအနေတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)