ရန်ကုန် ၃၁ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံတောင်၊ တောင်ဥက္ကလာ၊ သာကေတနှင့် လှိုင်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် ဩဂုတ် ၁ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်နင်းတော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသောဓာတ်အား လိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဩဂုတ် ၁ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်စဉ်အတွင်း အထက်ပါမြို့နယ်များရှိ ရပ်ကွက်အချို့တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည် ဖြစ်သည်။
ထို့သို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီဓာတ်အား ပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ပြည်သူများသို့ လေးစားစွာ အသိပေးပန်ကြားထားကြောင်း သိရသည်။
MDN


