ရန်ကုန် ၂၃ ဇွန်

မြို့နယ်အတွင်းရှိ လူကြီးမိဘများနှင့် ကလေးသူငယ်များ အပန်းဖြေအနားယူနိုင်စေရန်၊  ကျန်းမာရေး လေ့ကျင့်ခန်းများပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဒို့အိမ်(ဆယ်ကျော်သက်မိန်းကလေးများအဖွဲ့) မှဦးဆောင်၍ ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက် ရန်ကင်းလမ်းနှင့် ရန်နိုင်လမ်းထောင့်ရှိ အဆိုပါပန်းခြံ၌ပင် ကျင်းပပြုလုပ်ခဲ့သည်။

 

381

 

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ပန်းခြံဖြစ်မြောက်ရေးအဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်တို့က ပန်းခြံဖြစ်မြောက်ရေး ရည်ရွယ်ချက်နှင့်တကွ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ဒို့အိမ်အဖွဲ့၏ လူထုဆက်ဆံရေးအရာရှိ ဒေါ်ဆွေဆွေအောင်မှ ဒို့အိမ်အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး အဖွဲ့ဝင်များဖြစ်ကြသော မဆုလင်းထက်နှင့် မအိမ့်ချမ်းမြေ့တို့က ဒို့အိမ်အဖွဲ့၏ ဆယ်ကျော်သက်မိန်းကလေးများဦးဆောင်ပြီး အများပြည်သူဆိုင်ရာ နေရာဖန်တီးရေး ပရောဂျက်အကြောင်း ရှင်းလင်းတင်ပြခြင်း၊ ယာယီပန်းခြံအမည်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်လွှာကို ဖတ်ကြားပေးခဲ့သည်။

ပန်းခြံထိန်းသိမ်းရေးအတွက် ဒို့အိမ်အဖွဲ့မှ ပန်းခြံရေရှည်ထိန်းသိမ်းရေးကော်မတီအား ပန်းခြံထိန်းသိမ်း စောင့်ရှောက်နည်း လမ်းညွှန်စာအုပ်နှင့်တကွ The Central မှ ဒေါ်လာတစ်ထောင်ကို ပေးအပ်လှူဒါန်းပေးခဲ့ပြီး ပန်းခြံရေရှည်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌမှ ပန်းခြံရေရှည်ထိန်းသိမ်းမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ရန်ကင်းမြို့နယ် ရပ်မိရပ်ဖ တစ်ဦးဖြစ်သော ဦးထွန်းမင်းမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း