ရန်ကုန် ဒီဇင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာကြီး ဒေါက်တာစိုးလွင်က အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲကျင်းပရာ စာရေးဆရာမပေါက်ပေါက်က ထာဝစဉ်မမေ့အပ်တဲ့ရာဇဝင်နေ့မြတ်၊ စာရေးဆရာမောင်မြတ်နိုး(ရန်ကင်း)က စာအုပ်စာပေ လူ့မိတ်ဆွေ ခေါင်းစဉ်ဖြင့် ဟောပြာခဲ့ကြသည်။

 

ပါဝင်ဆွေးနွေး

ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးနှင့် တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်ကျောင်းမှ ဆရာဦးစွမ်းရည်ထက်တို့က စေ့စပ်ညှိနှိုင်းသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တော်ဝင်ဂုဏ်ထူးသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား အမှတ်တရဆုလက်ဆောင်များနှင့် ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)