နေပြည်တော် ၁၀ မေ
ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်တစ်ဦးကို ယနေ့ နံနက်ပိုင်းက ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းကြောင်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက်ဆောင်ရွက်လာသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် လမ်းကြောင်းလုံခြုံရေး လုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက်လျက်ရှိစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စု လမ်းမကြီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းကို ယနေ့နံနက်ပိုင်းတွင် AA အဖွဲ့မှ ကျောက်တော်မြို့အဝင် မီတာ ၃၀ဝ၀ ခန့် အကွာ၌ အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လာခဲ့သဖြင့် အဆိုပါနေရာ အနီးတစ်ဝိုက် မိုင်းရှင်းလင်းခြင်းဆောင်ရွက်စဉ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့သော AA အဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။
AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ခရီးသွားပြည်သူများ ထိတ်လန့်အန္တရာယ်ဖြစ်စေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုယာဉ်များနှင့် လှုပ်ရှားမှုများအား မိုင်းခွဲတိုက်ခိုက်ရန် ရည်ရွယ်လျက် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန်ထိ AA အဖွဲ့က မိုင်းထောင်ခဲ့သည့် အကြိမ် ၁၆ ကြိမ်ရှိကာ မိုင်း ၄၆ လုံးအား တပ်မတော်စစ်ကြောင်းများက ဖော်ထုတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရသိရသည်။
(သတင်းစဉ်)