ရန်ကုန် ၁၇ သြဂုတ်
ရန်ကုန်မှ မော်လမြိုင်ရထား ခရီးစဉ်ဖြစ်သည့် အမှတ် ၈၃ အဆန်၊ အမှတ် ၈၄ အစုန်လေအိတ် အမြန်ရထား ခရီးစဉ်သစ်ကို သြဂုတ် ၂၂ ရက်မှစတင်၍ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနခွဲ တိုင်းအမှတ် (၇) တိုင်းမန်နေဂျာထံမှသိရသည်။
အဆိုပါရထားတွင် အထက်တန်းထိုင်ခုံ လေးတွဲ၊ ရိုးရိုးတန်းထိုင်ခုံ ငါးတွဲနှင့် ဘရိတ်တွဲအပါအဝင် တွဲဆိုင်းအသစ်များဖြင့် အစုန်အဆန် နှစ်စီးပြေးဆွဲမည်ဖြစ်သည်။ လမ်းခရီးတွင် ပဲခူး၊ ကျိုက်ထို၊ တောင်စွန်၊ သထုံနှင့် ပေါင် စသည့်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်သည်။
အမှတ် ၈၃ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ည ၈ နာရီထွက်ခွာပြီး မော်လမြိုင်သို့ နောက်တစ်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၈၄ အစုန်ရထားသည် မော်လမြိုင်မှ ည ၉ နာရီထွက်ခွာပြီး နောက်တစ်နေ့နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမည်ဖြစ်သည်။
အဆိုပါရထားများအတွက် ရန်ကုန်မှ မော်လမြိုင်အထိ ရိုးရိုးတန်းလက်မှတ်ခမှာ ကျပ်လေးထောင်နှင့် အထက်တန်း လက်မှတ်ခမှာ ကျပ်ရှစ်ထောင်ဖြစ်သည်။ အထက်တန်းတွဲ လက်မှတ်များကို ရန်ကုန်ဘူတာကြီးတွင် သုံးရက်ကြိုတင် ရောင်းချပေးမည်ဖြစ်သည်။ ရိုးရိုးတန်း လက်မှတ်များကို တစ်ရက်ကြိုတင်၍ ရက်ကြိုလက်မှတ်ရုံတွင် ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည် ။
လက်ရှိပြေးဆွဲလျှက်ရှိသည့် အမှတ် ၈၁ အဆန်နှင့် အမှတ် ၈၂ အစုန်ရထားခရီးစဉ်များကို အချိန်ပြောင်းလဲ ပြေးဆွဲမည်ဖြစ်သည်။ အမှတ် ၈၁ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင် ထွက်ခွာပြီးနောက် တစ်နေ့နံနက် ၄ နာရီတွင် မော်လမြိုင်သို့ရောက်ရှိမည် ဖြစ်သည်။ ထို့နောက် နံနက် ၄ နာရီခွဲတွင် ဆက်လက်ထွက်ခွာပြီး ရေးမြို့သို့ နံနက် ၁၁ နာရီတွင်ရောက်ရှိမည် ဖြစ်သည်။
အမှတ် ၈၂ အစုန်ရထားသည် ရေးဘူတာမှ ညနေ ၃ နာရီတွင် ထွက်ခွာပြီး မော်လမြိုင် ဘူတာသို့ ည ၉ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက်ည ၁၀ နာရီတွင် ဆက်လက်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
ခရီးသည် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေစေရန်အတွက် ရထားလက်မှတ်များကို ခုံခြားပြီး ရောင်းချမည်ဖြစ်ရာ ထိုင်ခုံ နှစ်ခုံတန်းကို ခရီးသည် ၁ ဦးအတွက်သာ ရောင်းချမည်ဖြစ်သည်။
ရထားတွဲများပေါ်တွင် ရေတိုင်ကီ၊ လက်ဆေးဘေစင်ကန်နှင့် ဆပ်ပြာဆီ ထားရှိပြီး ခရီးသည်များ မကြာခဏ လက်ဆေးနိုင်ရန် စီစဉ်ထားသည်။ ထို့အပြင် ရထားလိုက် လုံခြုံရေးရဲတပ်ဖွဲ့၊ တွဲထိန်းဝန်ထမ်းများနှင့် ရထားလိုက် လက်မှတ်စစ်အဖွဲ့တို့မှ ခရီးသည်များ လုံခြုံရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန် - မော်လမြိုင် အမြန်ရထား ခရီးစဉ်သစ်ကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည် ။
အောင်သူရ