ရန်ကုန် ၁၈ သြဂုတ်

 

ရန်ကုန်မှ မော်လမြိုင် ရထားခရီးစဉ်ဖြစ်သည့် အမှတ် ၈၃ အဆန်၊ အမှတ် ၈၄ အစုန် လေအိတ်အမြန်ရထားခရီးစဉ်သစ်ကို သြဂုတ် ၂၂ ရက်မှစတင်၍ ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနခွဲ တိုင်းအမှတ် ၇ တိုင်းမန်နေဂျာထံမှ သိရသည်။

 

အဆိုပါရထားတွင် အထက်တန်းထိုင်ခုံ ၄ တွဲ၊ ရိုးရိုးတန်းထိုင်ခုံ ၅ တွဲနှင့် ဘရိတ်တွဲအပါအဝင် တွဲဆိုင်းအသစ်များဖြင့် အစုန်အဆန် ၂ စီး ပြေးဆွဲမည်ဖြစ်ပြီး လမ်းခရီးတွင် ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံနှင့် ပေါင် စသည့် ဘူတာ ၅ နေရာတွင် ရပ်တန့်ပေးမည်ဖြစ်သည်။

 

အမှတ် ၈၃ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ည ၈ နာရီ ထွက်ခွာပြီး မော်လမြိုင်သို့ နောက်တစ်နေ့နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၈၄ အစုန်ရထားသည် မော်လမြိုင်မှ ည ၉ နာရီထွက်ခွာပြီး နောက်တစ်နေ့နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမည်ဖြစ်သည်။

 

အဆိုပါရထားများအတွက် ရန်ကုန်မှ မော်လမြိုင်အထိ ရိုးရိုးတန်းလက်မှတ်ခမှာ ကျပ်လေးထောင်နှင့် အထက်တန်းလက်မှတ်ခမှာ ကျပ်ရှစ်ထောင်ဖြစ်သည်။ အထက်တန်းတွဲလက်မှတ်များကို ရန်ကုန်ဘူတာကြီးတွင် ၃ ရက်ကြိုတင် ရောင်းချပေးမည်ဖြစ်ပြီး ရိုးရိုးတန်းလက်မှတ်များကို ၁ ရက်ကြိုတင်၍ ရက်ကြိုလက်မှတ်ရုံတွင် ကြိုတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိပြေးဆွဲလျက်ရှိသည့် အမှတ် ၈၁ အဆန်နှင့် အမှတ် ၈၂ အစုန်ရထားခရီးစဉ်များကို အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်သည်။ အမှတ် ၈၁ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင်ထွက်ခွာပြီး နောက်တစ်နေ့နံနက် ၄ နာရီတွင် မော်လမြိုင်သို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် နံနက် ၄ နာရီခွဲတွင် ဆက်လက်ထွက်ခွာပြီး ရေးမြို့သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

 

အမှတ် ၈၂ အစုန်ရထားသည် ရေးဘူတာမှ ညနေ ၃ နာရီတွင် ထွက်ခွာပြီး မော်လမြိုင်ဘူတာသို့ ည ၉ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ည ၁၀ နာရီတွင် ဆက်လက်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

 

Social Distancing အရ ခရီးသည်တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေစေရန်အတွက် ရထားလက်မှတ်များကို ခုံခြားပြီးရောင်းချမည်ဖြစ်ရာ ထိုင်ခုံ ၂ ခုံတန်းကို ခရီးသည် ၁ ဦးအတွက်သာ ရောင်းချမည်ဖြစ်သည်။ ရထားတွဲများပေါ်တွင် ရေတိုင်ကီ၊ လက်ဆေးဘေစင်ကန်နှင့် ဆပ်ပြာဆီထားရှိပြီး ခရီးသည်များ မကြာခဏလက်ဆေးနိုင်ရန် စီစဉ်ထားရှိသည်။ ထို့အပြင် ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့၊ တွဲထိန်းဝန်ထမ်းများနှင့် ရထားလိုက်လက်မှတ်စစ်အဖွဲ့တို့မှ ခရီးသည်များ လုံခြုံရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်-မော်လမြိုင် အမြန်ရထားခရီးစဥ်သစ်ကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်သူရ