ရန်ကုန် ၁၈ မေ
    

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁)၏ ရထားလမ်း/ တံတားများ အဆင့်မြှင့်တင်ခြင်း၊ အချက်ပြစနစ်သစ်များ တပ်ဆင်ခြင်းလုပ်ငန်းနှင့် ရန်ကုန်မြို့ ပတ်လမ်းပိုင်း (CP-201) တို့အား မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်ဘူတာကြီးယာဒ်ဝင်း၌ ကျင်းပသည်။
    

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama ၊ JICA မှ Chief Representative Mr.Masayuki Karazawa ၊ Sumitomo Corporation ၊ Fujita Corporation ၊ Nippon Corporation ၊ Kinden Corporation တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

1


ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း Phase -1 ၏ ရထားလမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြစနစ်သစ်များ တပ်ဆင်ခြင်းလုပ်ငန်းများ၏ လုပ်ငန်းစတင်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ 

စီမံကိန်းကာလတွင် ရထားလမ်းတစ်ခုသာ အသုံးပြုနိုင်ပြီး ရထားစောင့်စနစ်ဖြင့် သွားရမည်ဖြစ်ကြောင်း၊ ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် ယာဉ်တိုက်မှု အန္တရာယ်ရှိသည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပြီးစီးသွားပါက ကီလို(၁၀ဝ) မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပေးရန်နှင့် သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ဖြည့်ဆည်းကူညီပေးစေလိုကြောင်း၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများကလည်း စီမံကိန်းအား ထိရောက်အကျိုးရှိစွာ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး ပူပေါင်း၍ အစွမ်းကုန် ကြိုးပမ်းကြရန် ပြောကြားသည်။

 

1


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama တို့က အဖွင့်အမှာစကား ပြောကြားကြပြီး JICA မှ Chief Representative Mr.Masayuki Karazawa ၊ Sumitomo Corporation ၊ Fujita Corporation ၊ Nippon Corporation ၊ Kinden Corporation တို့မှ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ခွင့် ရရှိမှုတို့အပေါ် ကျေးဇူးတင်စကား ပြောကြားကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့နှင့်အတူ တာဝန်ရှိသူများက မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်ပေးကြသည်။

 

1


    

ရန်ကုန်-မန္တလေး လမ်းပိုင်းသည် ၃၈၅ ဒသမ ၅ မိုင် ရှည်လျားသည့်အတွက် အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရာတွင် ရင်းနှီးမြှပ်နှံမှုပမာဏ များပြားသဖြင့် ရထားလမ်းပိုင်းကို ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်၊ တောင်ငူ-မန္တလေး လမ်းပိုင်း ၂၁၉ ဒသမ ၅ မိုင်ဟူ၍ အဆင့်နှစ်ဆင့်ခွဲခြား၍ ကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအဆင့်(၁) အနေဖြင့် ရန်ကုန်-တောင်ငူ လမ်းပိုင်းအား ရန်ကုန်-ပဲခူး (CP-101) ၄၆ ဒသမ ၅ မိုင်၊ ပဲခူး-ညောင်လေးပင် (CP-102) ၄၆ ဒသမ ၂၅ မိုင်နှင့် ညောင်လေးပင်-တောင်ငူ (CP-103) ၇၃ ဒသမ ၂၅ မိုင်ဟူ၍ အပိုင်းသုံးပိုင်းခွဲပြီး တင်ဒါဖိတ်ခေါ်ခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လကစတင် ဆောင်ရွက်ခဲ့ကြောင်း၊ အပိုင်းလိုက် ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး ပဲခူး-ညောင်လေးပင်လမ်းပိုင်း (CP-102) နှင့် ညောင်လေးပင်-တောင်ငူ လမ်းပိုင်း (CP-103) တို့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁၁)ရက်တွင် မြေပြင်တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ရန်ကုန်-ပဲခူးလမ်းပိုင်း (CP-101) နှင့် ရန်ကုန်မြို့ ပတ်လမ်းပိုင်း (CP-201)အား ယနေ့တွင် မြေပြင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခြင်းအထိမ်း အမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)