နေပြည်တော်၊ အောက်တိုဘာ ၁၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေး အတွက် ရည်ရွယ်၍ အမြန်လူစီးရထား (၁၈)စင်း၊ စာပို့ရထား (၁၆)စင်း၊ လူစီးကုန်တင် ရထား (၈)စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား(၃၅)စင်း စုစုပေါင်းလူစီး ရထား (၇၉)စင်းနှင့် ကုန်ရထား(၆)စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျှက်ရှိသည်။
ထို့သို့ ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်း၊ လူစီးကုန်တင်ရထား (၂)စင်းနှင့် ကုန်ရထား(၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။
ထို့အပြင် ရထားစီးခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အောက်တိုဘာ ၁၁ ရက်မှစ၍ ရန်ကုန် - မန္တလေးလမ်းပိုင်းအတွင်း၌ မန္တလေး-သာစည်-မန္တလေး အမှတ်(သ-၃၀၁ အဆန်/သ-၃၀၂ အစုန်)၊ သာစည်-ပျဉ်းမနား-သာစည် အမှတ်(သ-၄၀၁ အဆန်/ သ-၄၀၂ အစုန်) နှင့် ပျဉ်းမနား-တောင်ငူ-ပျဉ်းမနား အမှတ်(သ-၅၀၁ အဆန်/ သ-၅၀၂ အစုန်) RBE ခရီးတိုရထားများ တိုးချဲ့ပြေးဆွဲ ပေးလျက်ရှိသည်။
မန္တလေး-သာစည်-မန္တလေး ခရီးစဉ်အတွက် မန္တလေးမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး သာစည်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ သာစည်မှ မွန်းလွဲ၂ နာရီတွင် ပြန်လည် ထွက်ခွာပြီး မန္တလေးသို့ ညနေ ၅ နာရီ မိနစ်၂၀ တွင်လည်းကောင်း၊ သာစည်-ပျဉ်းမနား-သာစည် ခရီးစဉ်အတွက် သာစည်မှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ပျဉ်းမနား သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ပျဉ်းမနား မှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး သာစည်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ ပျဉ်းမနား-တောင်ငူ-ပျဉ်းမနားခရီးစဉ်အတွက် ပျဉ်းမနားမှ နံနက် ၇ နာရီ စတင် ထွက်ခွာပြီး တောင်ငူသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ တောင်ငူမှ မွန်းလွဲ ၁ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပျဉ်းမနားသို့ ညနေ ၅ နာရီခွဲတွင်လည်းကောင်း အသီးသီးထွက်ခွာ/ရောက်ရှိမည် ဖြစ်သည်။ ခရီးစဉ်အားလုံးအတွက် ဘူတာစဉ် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)