နေပြည်တော်၊ အောက်တိုဘာ ၁၅
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေများ စီးဆင်းလာပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ရေနစ်မြုပ်မှုကြောင့် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်းခဲ့ရသည်။
အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများပြန်လည်ကျဆင်းလာပြီးနောက် လမ်းပိုင်းများ အတွင်း သို့ မြန်မာ့မီးရထား တာဝန်ရှိသူများက လမ်း၏ကြံ့ခိုင်မှုအခြေအနေကို ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အောက်တိုဘာ ၁၄ ရက်တွင် ကျောက်ရထားတွဲဆိုင်း ၁၄ တွဲပါ ဝန်ပြည့်တင်ဆောင်ပြီး ရေနစ်မြုပ်ခဲ့သည့် လမ်းပိုင်းဖြစ်သော ပဲခူး-ကလိ-နောင်ပတ္တရားနှင့် ပဲခူး-ဘုရားကြီး၊ ရထားလမ်းပိုင်းတို့အား အသွား/အပြန် စမ်းသပ်မောင်းနှင်၍ ရထားများသွားလာနိုင်ပြီဖြစ်သဖြင့် အောက်တိုဘာ ၁၄ ရက်မှစတင်ပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် လူစီးရထားများ ပုံမှန်အချိန်အတိုင်း ပြန်လည်ပြေးဆွဲ ပေးလျက်ရှိသည်။
ယနေ့ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ထွက်ခွာသော အမှတ် ၅ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည်(၂၉၃) ဦးနှင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ထွက်ခွာသော အမှတ် ၃ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည်(၁၅၈)ဦး၊ မန္တလေး ဘူတာကြီးမှ ညနေ ၃ နာရီတွင် ထွက်ခွာလာသော အမှတ် ၆ အစုန်လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် (၂၂၅) ဦး နှင့် ညနေ ၄ နာရီတွင် ထွက်ခွာလာသော အမှတ် ၄ အစုန်လူစီးအမြန်ရထားတွင် အထက်တန်း/ ရိုးရိုးတန်း ခရီးသည် (၆၈)ဦးလိုက်ပါစီးနင်းခဲ့သည်။
ထို့အတူ ရန်ကုန် - မော်လမြိုင် လမ်းပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ မိနစ် ၃၀ တွင် ထွက်ခွာသော အမှတ် ၈၁ အဆန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည်(၂၇၆)ဦးနှင့် မော်လမြိုင်မှ နံနက် ၈ နာရီ မိနစ်၃၀ တွင် ထွက်ခွာလာသော အမှတ် ၈၂ အစုန် လူစီးအမြန်ရထားတွင် အထက်တန်း/ရိုးရိုးတန်း ခရီးသည် (၂၆၀) လိုက်ပါစီးနင်းခဲ့သည်။ ရထားလမ်းပိုင်းရေကြီးနစ်မြုပ်မှုကြောင့် ရထားများ တစ်ပတ်ခန့်ရပ်နားခဲ့ရပြီး ယခု ပုံမှန် ပြန်လည်ပြေးဆွဲပေးရာတွင် ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)