ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ သွားရောက်၍ ဆေးရုံဝင်း အတွင်း စည်ပင်သာယာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအင်အား (၁၅၀) ဦးဖြင့် သန့်ရှင်း သပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် မြို့တော်ဝန်ကလုပ်ငန်းများမှ ထွက်ရှိလာသည့်အမှိုက်များ တစ်ပါတည်း ရှင်းလင်း ရေးနှင့် ဆေးရုံရှေ့ရေမြောင်း ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆေးရုံကြီးဝင်းအတွင်းရှိ လမ်းများအား ထု ၂ လက်မ၊ အကျယ် ၁၆ လက်မရှိ နိုင်လွန် ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်းအား အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဆောင်ရွက်လျက် ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းများကို မြေမျက်နှာပြင် အနိမ့်အမြင့်ညှိပြီး သတ်မှတ် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


