ရန်ကုန် ၁၀  စက်တင်ဘာ

 

ရန်ကုန်စတော့အိတ်ချိန်း၌ ဩဂုတ်လအတွင်း တစ်ရက်လျှင်ပျမ်းမျှ မြန်မာကျပ်ငွေ ၄၇ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းထံမှ သိရသည်။

 

ဩဂုတ်လအတွင်း Normal Trade ဖြင့် ရှယ်ယာပေါင်း ၁၁၈၈၅၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေပမာဏအားဖြင့် ကျပ် ၇၄၇.၅ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။ Block Trading စနစ်ဖြင့် ၅၄၈၇၄ စု အရောင်းအဝယ် ဖြစ်ခဲ့ကာ ငွေတန်ဖိုးအားဖြင့် ၁၉၇ ဒသမ ၄၅ သန်းအရောင်းအဝယ်ဖြစ်ခဲ့သည်။ စုစုပေါင်း ၉၄၄ ဒသမ ၉၅ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ရက်လျက်ပျမ်းမျှ ကျပ် ၄၇ သန်းဖိုး အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက “ဇူလိုင်လနဲ့နှိုင်းယှဉ်ရင်တော့ အရောင်းအဝယ် ပမာဏက ၅ ရာခိုင် နှုန်းလောက်ကျဆင်းခဲ့တာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။ စတော့အညွှန်းကိန်း MYANPIX မှာ ၄၂၉ မှ ၄၄၈ အကြားရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်စတော့အိတ်ချိန်းမှ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော YSX EXPO ပွဲကြီးကို ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူစုလူဝေးဖြင့် ကျင်းပရသည့် အခမ်းအနားပုံစံမျိုး မဟုတ်ဘဲ Web Based Online Plaform တစ်ခုအားအသုံးပြုပြီး ဒီဂျစ်တယ်ပြပွဲပုံစံဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

YSX EXPO 2020 (1st Online Exhibition and Live Seminar)နှင့် (Live) ဆွေးနွေးပွဲအတွက် မှတ်ပုံတင် စာရင်းပေးသွင်းသူများအနက်မှ ဖုန်းဘေလ်ကံစမ်းမဲအစီအစဉ်အဖြစ် ကံထူးရှင်အယောက် ၁၀၀ အတွက် ဖုန်း ဘေလ်များကို Random စနစ်ဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး https://ysx.expo2020.online (သို့) https:// ysx.expo.online များသို့ အမြန်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)