ရန်ကုန် ၄ ဇွန်

ရန်ကုန်ကလေးဆေးရုံကြီး၏ ကင်ဆာကုသရာဌာနတွင် ကလေးသွေးကင်ဆာနှင့် မျက်လုံးကင်ဆာကို အများဆုံးကုသပေးရလျက်ရှိကြောင်း ဇွန် ၂ ရက် နံနက် ၉ နာရီက ကျင်းပသော ကင်ဆာပျောက်ကင်းသည့် ကလေးငယ် ၁၀ဝ ခန့်တက်ရောက်သော National Cancer Survivors Day အခမ်းအနားမှ သိရသည်။

 

1

 

၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် National Cancer Survivors Day ကို ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ကင်ဆာရောဂါဝေဒနာ ခံစားရသောသူများ ကုသရာတွင် လုံးဝပျောက်ကင်းခဲ့မှုကို အခြားဝေဒနာရှင်များ အားတက်စေရန် ပျောက်ကင်းခဲ့သောသူများအား ဂုဏ်ပြုသောအားဖြင့် အဆိုပါပွဲကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။

 

4

 

ကင်ဆာဝေဒနာခံစားခဲ့ရသော ကလေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာကာ ကုသမှုခံယူခဲ့သောကြောင့် မြန်မာပြည်အနှံမှ ကင်ဆာရောဂါပျောက်ကင်းခဲ့သော ကလေး ၁၀ဝ ခန့်မှ ထိုပွဲကို တက်ရောက်ခဲ့ကြပြီး လေးလအရွယ်မှ ကင်ဆာဖြစ်ပွားခဲ့၍ ၂ နှစ်ကျော် ကုသမှုခံယူခဲ့ပြီး ပျောက်ကင်းသောကြောင့် ယခုသုံးနှစ်ကျော်တွင် အခမ်းအနားသို့ တက်ရောက်သူများရှိသည့်အပြင် အချို့မှာ တက္ကသိုလ်တက်ရောက်သူ၊ အိမ်ထောင်သည်များလည်း တက်ရောက်ကြကြောင်းသိရသည်။

 

2

 

ကလေးဆေးရုံကြီးတွင် သွေးကင်ဆာကို ၂၀ဝ၄ ခုနှစ်မှ စတင်ကုသပေးခဲ့ပြီး ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် ကလေးသွေးနှင့် ကင်ဆာရောဂါမျိုးစုံကို ကုသခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ မျက်လုံးကင်ဆာ၊ သွေးအားနည်းရောဂါ၊ သွေးမတိတ်ရောဂါ၊ သွေးကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဦးဏှောဏ်ကင်ဆာ၊ အကြိတ်ကင်ဆာ အပါအဝင် ခန္ဓာကိုယ်တွင် ဖြစ်ပွားသော ကင်ဆာရောဂါမျိုးစုံကို ကုသပေးလျက်ရှိကြောင်း၊ ကလေးဆေးရုံကြီးတွင် မှတ်ပုံတင်ထားသော သွေးအားနည်းရောဂါဖြစ်ပွားသူ ၃၀ဝ၀ ကျော်ရှိကြောင်း၊ တစ်နှစ်လျှင် သွေးကင်ဆာရောဂါဖြစ်ပွားသူ ၁၀ဝ ကျော်တွင် ကလေးများ၌ အများဆုံးဖြစ်ပွားသောရောဂါမှာ သွေးကင်ဆာဖြစ်ပြီး အလုံးအကြိတ်အဖြစ် ကင်ဆာရောဂါတွင် မျက်စိကင်ဆာသည် အများဆုံးဖြစ်ကြောင်းနှင့် ထိုသို့ကလေးများတွင် ကင်ဆာရောဂါဖြစ်ပွားလာရခြင်း အကြောင်းရင်းကို မသိရှိသေးသော်လည်း မျက်လုံးကင်ဆာသည်မျိုးရိုးကိုလိုက်၍ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 

3

 

ဆေးလိပ်၊ ကွမ်းယာနှင့် အရက်ကြောင့် လူကြီးများတွင် ကင်ဆာရောဂါဖြစ်ပွားလေ့ရှိသော်လည်း ကလေးများတွင် ကင်ဆာရောဂါဖြစ်ပွားခြင်းသည် မျိုးရိုးလိုက်၍ ဖြစ်ပွားသော မျက်လုံးကင်ဆာမှအပ ကင်ဆာဖြစ်ပွားရခြင်းအကြောင်းရင်းကို သုတေသနပြုနိုင်ရေးထက် ကုသရေးပိုင်းကို ပို၍ဆောင်ရွက်လျက်ရှိပြီး ကင်ဆာရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို ယနေ့တိုင်ဆေးပညာရှင်များ ဖော်ထုတ်နိုင်မှု မရှိသေးကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးငယ်များ၌ ဖြစ်ပွားသောမျက်လုံးကင်ဆာကို ယခင်က မသိရှိကြဘဲ အသိပညာပေးဆောင်ရွက်မှုကြောင့် သိရှိလာပြီးနောက် ဆေးရုံတွင် လာရောက်ကုသမှု ခံယူကြသည့်အတွက် ပျောက်ကင်းသော ကလေးငယ်များကို ယနေ့တွင် တွေ့မြင်လာရပြီဖြစ်၍ ထိုကလေးငယ်များကို အခမ်းအနားများဖြင့် ကျန်ဝေဒနာရှင်များ စိတ်ခွန်အားရရှိစေရန် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။


 “ယခင်က ကင်ဆာရောဂါဖြစ်နေမှုကို မသိတာများမယ်၊ ကုပေးတဲ့နေရာရှိတယ်ဆိုတာ မသိတာလည်းရှိမယ်။ လက်ကမ်းစာစောင်ဖြန့်ပြီး အကြိတ်ဘယ်လိုပုံစံဟာ ကင်ဆာဆိုတာသိအောင် သားဖွားဆရာမတွေကိုယ်တိုင် အသိပညာပေးလာနိုင်တဲ့အတွက် ကလေး(၄)လအရွယ်နဲ့ ဆေးရုံကိုလာပြနေတတ်ပြီ။ မျက်လုံးကင်ဆာဟာ စောစောသိလေကောင်းလေပဲ။ ဦးဏှောက်ထဲကို မပြန့်သေးတာကြောင့် ကုသလို့ပျောက်တယ်။ ကလေးဆေးရုံမှာ သွေးနဲ့ပတ်သက်တဲ့ ကင်ဆာရောဂါမျိုးစုံနဲ့ အကြိတ်နဲ့ပတ်သက်တဲ့ ကင်ဆာရောဂါမျိုးစုံကို ကုသပေးနေပါတယ်”ဟု ကလေးဆေးရုံကြီး သွေးနှင့်ကင်ဆာဌာနမှ ကလေးအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်နွယ်ဦးက ပြောသည်။


မြန်မာပြည်၌ ကင်ဆာရာဂါဖြစ်ပွားသော ကလေးများတွင် သွေးကင်ဆာနှင့် မျက်လုံးကင်ဆာသည် အများဆုံးဖြစ်ရာ နှစ်စဉ်ဆေးရုံသို့ အသစ်ရောက်ရှိလာသော သွေးကင်ဆာ ၁၀ဝ ခန့်နှင့် မျက်လုံးကင်ဆာ ၁၀ဝ ခန့်ကို ကုသပေးရလျက်ရှိပြီး ကလေး ကင်ဆာကုသမှုကို ရန်ကုန်နှင့် မန္တလေးမြို့တွင် ကုသပေးလျက်ရှိကြောင်း၊ ရန်ကုန်ကလေးဆေးရုံကြီးသို့ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ အများဆုံး လာရောက်ကုသမှုခံယူလျက်ရှိပြီး ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၊ ချင်းပြည်တို့မှလည်း လာရောက်ကုသမှုခံယူလျက်ရှိ်ကြောင်း၊ ကလေးဆရာဝန်များအနေဖြင့် ဆေးပညာပိုင်းဆိုုင်ရာ တိုးတက်မြင့်မားစေရန် ပြည်ပနိုင်ငံများတွင် လေ့လာသင်ကြားမှုနှင့်အတူ အခြားနိုင်ငံမှ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးကင်ဆာ ဝေဒနာရှင်များအတွက် လိုအပ်သောဆေးဝါးကို နိုင်ငံတော်မှထောက်ပံ့လျက်ရှိပြီး ဆေးဝါးကို အိန္ဒိယနိုင်ငံမှ ဆေးဝါးများကို အများဆုံးအသုံးပြုလျက်ရှိကာ ကင်ဆာရောဂါကို စင်ကာပူနိုင်ငံတွင် သွေးကင်ဆာအား (၁၀ဝ)ရာခိုင်နှုန်း ပျောက်ကင်းအောင် ကုသပေးလျက်ရှိကြောင်း၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် အပြင်လူနာ(၄၀)မှ (၁၀ဝ)ကြား၊ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည့် ကလေး(၆၀)ခန့်၊ နေ့ချင်းပြန် သွေးသွင်းလူနာ(၁၀)ဦးမှ (၁၅)ဦးထိရှိကြောင်းနှင့် ကင်ဆာရောဂါကို အခမဲ့ကုသပေးလျက်ရှိကာ သွေးကင်ဆာဝေဒနာအား သုံးနှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ -သန်းစိုး
- သန်းထိုက်