ရန်ကုန် ၂၅ ဇူလိုင်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးရွာစုစုပေါင်း ၂၁၂၆ ရွာရှိပြီး မီးလင်းပြီးကျေးရွာ ၁၀၇၉ ရွာ မီးလင်းပြီးဖြစ်၍ မီးလင်းရန်ကျန်ရှိသောကျေးရွာ ၁၀၄၇ ရွာ ကျန်ရှိနေသေးကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၄၆၀ ရွာ ထပ်မံမီးလင်းမည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၂၉၃ ရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၂၉၄ ရွာတို့ ထပ်မံမီးလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထပ်မံ၍၎င်းက ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၃၃/၁၁ ကေဗွီ ခွဲရုံ ခုနစ်ရုံ၊ ထရန်စဖော်မာ အလုံး ၂၁၀၊ လိုင်း ၅၇ ဒသမ ၁၁၀ မိုင်၊ ၁၁ ကေဗွီလိုင်း ၂၅၀ ဒသမ ၉၇၀ မိုင်၊ ၄၀ဝ ဗွီလိုင်း ၂၄၇ ဒသမ ၁၃၀ မိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၃၃/၁၁ ကေဗွီ ခွဲရုံ ရှစ်ရုံ၊ ထရန်စဖော်မာ ၁၅၂ လုံး၊ ၃၃ ကေဗွီလိုင်း ၄၁ ဒသမ ၇ မိုင်၊ ၁၁ ကေဗွီလိုင်း ၃၂၀ ဒသမ ၈၀၃ မိုင်၊ ၄၀ဝ ဗွီလိုင်း ၁၃၄ ဒသမ ၅၄၁ မိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၃၁/၁၁ ကေဗွီရုံ ၁၁ ရုံ၊ ထရန်စဖော်မာ ၄၀၃ လုံး၊ ၃၃ ကေဗွီလိုင်း ၃၈ ဒသမ ဝ၃၀ မိုင်၊ ၁၁ ကေဗွီလိုင်း ၇၇၁ ဒသမ ၄၆၈ မိုင်၊ ၄၀ဝ ဗွီလိုင်း ၃၄၉ ဒသမ ၁၁၀ မိုင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါ ကျေးရွာများအားလုံး မီးလင်းနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၃၂ ဒသမ ၅၈၅ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၄၅ ဒသမ ၄၆၉ ဘီလီယံနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၃၁ ဒသမ ၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲက သိရသည်။

ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်လေးခရိုင်အတွင်းရှိ မြို့နယ်များတွင် လမ်းမီးအလင်းရောင်ရရှိရန် မြို့နယ် ၂၈ မြို့နယ်၊ လမ်းပေါင်း ၉၃ လမ်းတွင် လမ်းမီးလုံးများတပ်ဆင်ခြင်း၊ လမ်းမီးဓာတ်အားလိုင်းများ ပြေးဆွဲခြင်း၊ ထရန်စဖော်မာများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒီဂျစ်တယ်အိမ်သုံး မီတာများအား HHU ဖြင့် မီတာယူနစ်ဖတ်သည့် OMR စနစ်မှ AMI စနစ်သို့ ဒေါပုံမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် တို့တွင် Pilot Project အဖြစ် ဆောင်ရွက်နေပြီး တောင်ဥက္ကလာပ မြို့နယ်တွင်လည်း ဆက်လက် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

မီတာဖတ်ရာတွင် AMI စနစ်သို့ ပြောင်းလဲပြီးပါက လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့ သုံးစွဲသောမီတာ၏ ပကတိအခြေအနေကို လက်ကိုင်ဖုန်းရှိ Mobile Application မှ အလွယ်တကူ သုံးစွဲသည့်ယူနစ်နှင့် ကျသင့်ငွေအား ကြည့်ရှုနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲနိုင်ခြင်း၊ ဓာတ်အားခ ငွေများကို ဘဏ်ဖြင့်ချိတ်ဆက် ပေးချေနိုင်သည့် Mobile Banking စနစ်ပါရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)