ရန်ကုန် ၂၆ ဇူလိုင်
ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရပြီး သမ္ဗန်စီးနင်းကြသော ခရီးသည်များနှင့် သမ္ဗန်မောင်းနှင်သူများအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံကြေးပေးသွင်းမှုကြောင့် မြစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် သူတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိပါက အသက်အာမခံကြေး ရရှိမည်ဖြစ်ကြောင်း၊ စက်တပ်သမ္ဗန်စီးနင်းကြသော ခရီးသွားမိဘပြည်သူများအားလုံး အကျုံးဝင်ကြောင်း ယနေ့နံနက်ပိုင်းက စက်တပ်သမ္ဗန် မောင်းနှင်သူများနှင့် ခရီးသည်များ စည်းကမ်းလိုက်နာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ကူးတို့ဆိပ် ၁၁ ဆိပ်တို့၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး ဒုတိယအကြိမ်မြောက် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒလမြို့နယ်မှာက စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ်မှာ သမ္ဗန်အစီးပေါင်း ၅၀၀ ကျော်ရှိတယ်၊ သမဝါယမ အသင်းလီမိတက်ပိုင် ကူးတို့ဆိပ်(၅)ဆိပ်နဲ့ ပုဂ္ဂလိကပိုင် ကူးတို့ဆိပ်(၆)ဆိပ်တို့ဖြစ်ပါတယ်၊ စက်တပ်သမ္ဗန်တွေ အားလုံးက နိုင်ငံတော်ကို အခွန်ဆောင်ထားရတယ်၊ အဲ့ဒီကူးတို့ဆိပ်အားလုံးမှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေအတွက်နဲ့ မောင်းတဲ့သူတွေအားလုံးက မြန်မာအာမခံလုပ်ငန်းမှာ လိုင်စင်ဆောင်တဲ့အခါ အသက်အာမခံကြေး (ပရီမီယံ) ပေးသွင်းရတယ်၊ အသက်အာမခံကြေးဆိုတာ တစ်ဦးတစ်ယောက်ထဲအတွက် မဟုတ်ဘဲ သမ္ဗန်စီးတဲ့ ခရီးသည်များအားလုံးနှင့် စက်မောင်းပါ ပါဝင်တယ်၊ သူတစ်ပါးထိခိုက်မှု အသက်အာမခံ ရှိပြီးသားမို့ မတော်တဆ ဖြစ်တာတို့ ထိခိုက်ဒဏ်ရာရမယ်ဆိုရင် နစ်နာကြေးရရှိမှာ ဖြစ်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ စီးနင်းကြတဲ့ ခရီးသည်ပြည်သူတွေ သိပ်မသိကြဘူး၊ တစ်ချို့လည်း သိထားကြတယ်” ဟု ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်များဖြင့် သွားလာနေကြသော ခရီးသည်မိဘပြည်သူများအတွက် အသက်အာမခံ ထားရှိခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့အတူ မြစ်အတွင်း သမ္ဗန်မောင်းနှင်သူများအား သတ်မှတ်ထားသော အသက်ကယ်အင်္ကျီ၊ ခပ်တပ်၊ ခပ်တိုင်၊ အလံ၊ ဝီစီ စသည့် ပစ္စည်းများ ပြည့်စုံမှုမရှိသူများကို စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သော အပတ်က စည်းကမ်းမလိုက်နာသော ကမာအောင်ကူးတို့ဆိပ်ရှိ သမ္ဗန် ၃၉ စီးကို မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးကော်မတီမှ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် သမ္ဗန်ပြင်ဆင်ခြင်းနှင့် စက်ပြင်ဆင်စရိတ်များ ဈေးကြီးလာခြင်းကြောင့် သမ္ဗန်သမား၏ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း၊ ဒလမြို့နယ်အတွင်းမှာရှိတဲ့ သမ္ဗန်များစီးနင်းကြသော ခရီးသည်မိဘပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စက်တပ်ရေယာဉ် ကြီးကြပ်ရေးကော်မတီအဖွဲ့မှ လစဉ်ပုံမှန်လိုက်လံစစ်ဆေးလျက်ရှိကြောင်း၊ ယခင်က သမ္ဗန်များ စက်ချို့ယွင်းခြင်းခြင်းနှင့် ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် မလိုလားအပ်သော အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခုအခါ စက်တပ်သမ္ဗန်များ ကြံ့ခိုင်မှုရှိမှသာ မောင်းနှင်ခွင့်ပြုခြင်းနှင့် စစ်ဆေးအရေးယူဆောင်ရွက်မှုများကြောင့် မလိုလားအပ်သော အန္တရာယ်များ မဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့သည်။
ရန်ကုန်မြစ်တွင်း သွားလာနေသော စက်တပ်သမ္ဗန်များအနေဖြင့် ခရီးသည် ပုံမှန် ၁၂ ဦးအထိ တင်ဆောင်မောင်းနှင်ခွင့်ရှိသော်လည်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ခရီးသည် ၈ ဦးမှ ၉ ဦးအထိသာ စီးနင်းစေခဲ့ရာ ယခင် ငွေကျပ် ၁၀၀ ကောက်ခံသော ကူးတို့ဆိပ်(၄)ဆိပ် ဖြစ်သည့် ကမာကဆစ်၊ စက်မြေ၊ ကမာကသွယ်နှင့် မှော်စက် စသည့် ကူးတို့ဆိပ်များအနေဖြင့် ငွေကျပ် ၁၅၀ ကျပ် ကောက်ခံခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ဒလမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးသည်များ၊ အထွေထွေလုပ်သားပြည်သူများစွာနှင့် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများစွာတို့သည် စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်ရှိ စက်တပ်သမ္ဗန် အစီးရေ ၅၀၀ ကျော်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ မြစ်တွင်းသွား ချယ်ရီသင်္ဘော ၃ စီးတို့ဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ မြစ်ကူးတံတားတစ်ဖွယ် လူးလားခေါက်တုန့် ကူးသန်းသွားလာလျက်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


