နေပြည်တော်  ၂၇  နိုဝင်ဘာ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များအား ဖော်ထုတ် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စု(၂)စုခိုက်ရန် ဖြစ်ပွားမည်ဟု သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည့် နေရာတစ်ဝိုက် စောင့်ကြည့်ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ် ၁ စီးနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက် နေသူများဖြစ်သည့် မြရွှေ(၆၁)နှစ်၊  မျိုးကိုကို (၂၈)နှစ်နှင့် ဖြိုးသူအောင်(၂၉)နှစ်တို့ ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးရှာဖွေခဲ့ရာ ဖြိုးသူအောင်လွယ်ထားသော လွယ်အိတ်အတွင်းမှ ၉ မမ ပစ္စတိုသေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ ၎င်းကျည် (၁၀) တောင့်၊ မျိုးကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ပစ္စတိုသေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ ၎င်းကျည် (၁၂) တောင့်နှင့် ဓားဦးချွန် (၁) ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ 

စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် လောင်းကစားပြုလုပ်ကြသူများဖြစ်ပြီး နယ်မြေဒေသ အသီးသီးသို့ လှည့်လည်၍ လောင်းကစား ပြုလုပ်ကြကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀) ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့် လာရောက်ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့သည်ကို မကျေနပ်သောကြောင့် ခိုက်ရန်ပြုရန်အတွက် သေနတ်များ သိုဝှက်ယူဆောင်၍ တစ်ဖက်အဖွဲ့အားစောင့်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်စပ်တရားခံတစ်ဉီးအား ဆက်လက်ဖော်ထုတ်ခဲ့ရာ သံလျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာနေ အိမ်ခြံဝင်းတစ်ခုမှ Gas ဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည် (၈) လက်၊ အတို (၄) လက်နှင့် ထည့်သွင်း အသုံးပြုရသော ဘောစေ့များ၊ ဒူးလေး (၁) လက်၊ သေနတ်တွင်တပ်ဆင်သည့် Gas အိုးငယ် (၁၁) ခု၊ Gas ဖြည့်ဗူး (၇) ဗူး၊ စနိုက်ပါမှန်ပြောင်း (၃)ခု၊ ကင်ဒိုဓား (၁) ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေမဲ့လက်နက် ကိုင်ဆောင်ခြင်းများကို ဆက်လက်ဖော်ထုတ် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်