ရန်ကုန် ၁၉   မေ 

 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း၌ လူငယ်များကိုယ်တိုင် ဦးစီးဖွင့်လှစ်သော Youth Bazaar (လူငယ် ဈေး)ကို မေလ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

အများပြည်သူ အပန်းဖြေအနားယူရာတွင် အနားယူအပန်းဖြေရင်း ဈေးဝယ်ထွက်နိုင်ရန်နှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ဖန်တီးလိုသည့် လူငယ်တို့၏ အိပ်မက်ကို  အကောင်အထည်ဖော်သည့်အနေဖြင့် ယခုကဲ့သို့ ဆိုင်ခန်းပေါင်းစုံပါဝင်သော ဈေးငယ်တစ်ခုကို ဖန်တီးခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီနေရာက နဂိုကတည်းက အထင်ကရနေရာတစ်ခုဖြစ်တယ်။ ဆိုင်ခန်းလေးတွေ စုစုစည်းစည်းနဲ့ တစ်နေရာတည်းမှာ ဖွင့်နိုင်ရန် ကောင်းမှာဘဲဆိုပြီး ဖွင့်ဖြစ်ခဲ့တာပါ။ လာတဲ့သူတွေအနေနဲ့တည်း တစ်နေရာတည်းမှာ အပန်းဖြေရင်းနဲ့ ဈေးဝယ်နိုင်တာပေါ့။ နောက်တစ်ချိန်မှာတော့ အောင်မြင်ကျော်ကြားပြီး လူအသွားများတဲ့နေရာလေးတစ်ခုဖြစ်လာဖို့ မျှော်မှန်းပါတယ်”ဟု လူငယ်ဈေးဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုတင်ထူးအောင်က ပြောကြားသည်။


 
ဖန်စီပစ္စည်းများ၊ အဝတ်အထည်များ၊ ရိုးရာလက်မှုပစ္စည်းများ၊ အစားအသောက်များ ပါဝင်ရောင်းချလျက်ရှိပြီး နောက်ပိုင်းတွင် လူငယ်များအတွက် စိတ်ဝင်စားစရာ အစီအစဉ်များ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာခရီးသွားများကိုပါ ဆွဲဆောင်နိုင်သော ရပ်ဝန်းတစ်ခုအဖြစ် ရပ်တည်ရန် မျှော်မှန်းထားကြောင်း သိရသည်။  

 

ဆိုင်ခန်းပေါင်း ၃၀ ပါဝင်သည့် လူငယ်ဈေးဖွင့်လှစ်ချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ လည်ကောင်း၊ စနေ- တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၉ နာရီခွဲမှ ည ၈ နာရီအထိလည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

လူငယ်ဈေးဖွင့်ပွဲအခမ်းအနားတွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဂရေဟမ်နှင့် ပန်းရောင်ခြယ်တို့က လာရောက်ဖွင့်လှစ်ပေးပြီး အမှတ်တရ လက်ဆောင်တီရှပ်နှင့် ဈေးဝယ်ဘောက်ချာများတွင် လက်မှတ်ရေး ထိုးပေးခဲ့ကြသည်။

 

ထင်ပေါ်ဝင်း (ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း