ရန်ကုန် ဇွန် ၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၆)ရပ်ကွက် ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား မြန်မာ့မီးရထား ကုန်ရုံဝင်းအတွင်းရှိ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်၊ လမ်းမတော်မြို့နယ် မော်တင်ယာယီ စျေးရပ်ကွက် ကမ်းနားလမ်းသစ်ရှိ ရွာသစ်ချောင်းမြစ်ထွက်ပေါက်၊ အလုံမြို့နယ် ဧရာဝတီရပ်ကွက် မိုးကောင်းလျှပ်စစ်အိမ်ရာဝင်းအတွင်းရှိ ဟာဘိချောင်းမြစ်ထွက်ပေါက်၊ အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အကြား အောက်ကြည့်မြင်တိုင်လမ်းရှိ ကွင်းကျောင်းမြောင်းနှင့် ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်အကြား ဟံသာဝတီလမ်းရှိ ဟံသာဝတီမြစ်ထွက်ပေါက်တို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က ရေမြောင်းပိတ်ဆို့မှု မရှိစေရေး မြစ်ထွက်ပေါက်ထိ ဆက်လက်ရှင်းလင်းရန်၊ တွယ်ကပ်သစ်ပင်များရှင်းလင်းရန်၊ ဒီရေတက်ချိန် ရေတံခါးများပိတ်ထားပြီး မိုးရွာသွန်းချိန် ရေတံခါးများဖွင့်ထားရန်၊ နုန်းမြေများကို ချောင်းဘေးမြေနိမ့် နေရာများတွင် ပြန်လည်မြေဖို့ရန်၊ ပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်