ရန်ကုန် သြဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် လှော်ကားရေလှောင်ကန်သို့ ရောက်ရှိပြီး ရေလှောင်ကန်ကြီးများနှင့် ရေတွန်းစက်ရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ လှော်ကားရေလှောင်ကန်သည် အမြင့်ဆုံးကန်ရေချိန် ၆၂ပေ ရှိရာ ယခုရက် ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကန်ရေ ၅၉ ပေထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများနှင့် အကောင်းဆုံး ကစားသမားဆု ရရှိကြသူများကို ဆုများပေးအပ်မြှင့်သည်။

 

mdn

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ တပ်မတော် ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာကန်တော်သို့လည်းကောင်း၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းသို့လည်းကောင်း သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်