ရန်ကုန် ၃  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရန်ကုန်မြို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်းကို ယနေ့နေ့လယ် ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ရှင်းလင်းပြောကြားခဲ့သည်။ 

 

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မိတ်ဆက်ဗီဒီယိုမှတ်တမ်းအား ပြသပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနာဂတ်ရန်ကုန်၏ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများအကြောင်းကို ရှင်းလင်းပြောကြားသည်။


 
“ကျွန်တော်တို့ Project Bank ကို တင်ပြခြင်းအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်နေမှုတွေကို ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကို ပြသနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်မယ်၊ ရှေ့မှာဘာတွေဆက်ဖြစ်လာနိုင်တယ်။ ဒီအစီအစဉ်တွေကို Project Bank ကနေ ပြသနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ Project Bank ထဲကနေပြီးတော့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ချို့ဟာ လွှတ်တော်တွေကို တင်ပြရမှာတွေရှိနိုင်ပါတယ်။ ပြည်ထောင်စုအစိုးရကို တင်ပြရမှာတွေရှိနိုင်ပါတယ်။ တိုင်းဒေသကြီးအစိုးရတွေရဲ့ ဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်တွေနဲ့ ဆောင်ရွက်ရမယ့် စီမံကိန်းတွေ ရှိပါတယ်။ အချို့စီမံကိန်းကြီးတွေဟာ တအားကြီးနေတဲ့ စီမံကိန်းတွေရှိသလို အချို့စီမံကိန်းတွေဟာ တော်တော်သေးနေတာလေးတွေလည်း  ရှိနိုင်ပါတယ်။ ဥပမာ ကျွန်တော်တို့ Project Bank ထဲမှာ ဈေးတွေနဲ့ပတ်သက်တဲ့ Project တွေဆိုရင် သေးပါတယ်။ ဒီထဲမှာ ကြီးမားတဲ့ စီမံကိန်းကြီးတွေ ပါနိုင်တယ်။ ဥပမာ- စည်ပင်သာယာနယ်နမိတ် ၁၁ မြို့နယ် မှာ စက်မှုဇုန်တွေ တည်ဆောက်မည်ဆိုတဲ့ကိစ္စမျိုးဆို ကြီးပါတယ်။ ဒီကိစ္စရပ်မျိုးတွေဆိုရင် ကျွန်တော်တို့ လွှတ်တော်မှာ တင်ပြပြီးဆက်လက်ဆောင်ရွက်ကြရမယ့် အခြေအနေတွေရှိပါတယ်။ ဒါကတော့ လုပ်ငန်း ဆောင်ရွက်ရမယ့် ပရောဆက်တွေ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က အနာဂတ်ရန်ကုန်ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။   

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဗီဒီယိုကိုပြသကာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် Yangon Project Bank နှင့် ပတ်သက်ပြီး PWC Singapore မှ Mr.Mark Rathbone , Leader of PWC Capital Projects And Infrastructure Asia မှ Project Bank နှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့သည်များကို ရှင်းလင်းပြော ကြားခဲ့သည်။ 

 

ထို့နောက် ရန်ကုန်ဖွံ့ဖြိုးအနာဂတ်တိုးတက်မှုများ ဗီဒီယိုကို ပြသပြီး တက်ရောက်လာသူများ၏ သိရှိလိုသော မေးခွန်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ 

 

ရန်ကုန်တိုင်းဒေသကြီးအား ရှေးဟောင်းအမွေအနှစ်နှင့်ပြည့်စုံသောမြို့တော်၊ စိမ်းလန်းစိုပြေသောမြို့တော်၊ နေချင်စဖွယ်ကောင်းသောမြို့တော်၊ စီးပွားရေးကောင်းမွန်တိုးတက်သော တိုင်းဒေသကြီးတစ်ခုဖြစ်ရမည်ဟု  ရည်ရွယ်ချက်ထားရှိ အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ၃ နှစ်တာကာလအတွင်း လမ်းတံတားများ အပြည့်အစုံ ဖောက်လုပ်နိုင်ရန်၊ ဒေသအားလုံးတွင် လျှပ်စစ်မီး ပြည်ပြည့်ဝဝရရှိနိုင်ရန်နှင့် သောက်သုံးရေ ပြည့်ပြည့်ဝဝ ရရှိနိုင်ရန် အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း  

 

DSC_04