ရန်ကုန် သြဂုတ် ၃၀


ရန်ကုန်မြို့တွင် လျှပ်စစ်မီး၊ ရေကောင်း ရေသန့် ရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန်အတွက် ဆောင်ရွက်စရာ များစွာရှိနေပါကြောင်း၊ စိန်ခေါ်မှုများရှိသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းကောင်းရှိသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ကုန်မြို့၏ ဖွံ့ဖြိုး တိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


ပြည်တွင်း/ပြည်ပ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မလေးရှား-မြန်မာစီးပွားရေးအသင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့ Wyndhan Grand Yangon Hotel ၌ ကျင်းပသည့် Malaysia- Myanmar Connect 2019 အခမ်းအနား၌  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနှင့် မလေးရှား နိုင်ငံအကြား ပိုမိုကောင်းမွန် တိုးတက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် မလေးရှားနိုင်ငံ၏ စိတ်ဝင်စားမှုကိုလည်း ဝမ်းသာပါကြောင်း၊ မလေးရှားနိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ရန်ကုန်မြို့သည် စိတ်ဝင်စားစရာကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍနယ်ပယ်အသီးသီးတွင် ဆောင်ရွက် စရာများစွာရှိနေပါ ကြောင်း၊ ရန်ကုန်မြစ်ကြီး၏ အနောက်တောင်ဘက်ခြမ်းသည် ဖွံ့ဖြိုးတိုးတက်မှုမရှိ သေးပါကြောင်း၊ ရန်ကုန်မြို့လယ် ခြောက်မြို့နယ်မှ ဒလဘက်ကမ်းကို ကူးလိုက်မည့်ဆိုပါက ရန်ကုန်မြို့သည် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလားလာကောင်းများ ရှိနေသည့်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဒလမြစ်ကူးတံတား တည်ဆောက်နေမှုကို လျင်လျင်မြန်မြန်နှင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားနေပါကြောင်း၊ ဒလမြစ်ကူးတံတားကို ကိုရီးယား၏ အကူအညီချေးငွေနှင့် တည်ဆောက်နေပြီး တံတားတည်ဆောက် ပြီးပါက ရန်ကုန်မြစ်၏ အနောက်ဘက်ခြမ်း ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ သည် ပင်လယ်ဘက်ကို မျက်နှာမူနေ၍ ရန်ကုန်မြစ်၏ အရှေ့ဘက်ခြမ်းတွင် သီလဝါအထူး စီပွားရေးဇုန်ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်၏ မျက်နှာချင်းဆိုင် ဘက်ခြမ်း တစ်ခုလုံးတွင် ရန်ကုန်မြို့သစ်စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန်ကြီးများကို ဆက်လက်တည် ဆောက်နိုင်ရန် အတွက် အခွင့်အလမ်းကောင်းများရှိနေပါကြောင်း၊ အဆိုပါကဏ္ဍ နယ်ပယ်များတွင် ရင်းနှီးမြုပ်နှံ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းများကို စနစ်တကျပြင်ဆင် ပြီး Yangon Project Bank ကို ထူထောင်ခဲ့ပါကြောင်း ပြောကြားသည်။ 


အဆိုပါ Yangon Project Bank တွင် စီမံကိန်း ၈၀ ခန့်ရှိပြီး ရန်ကုန်တွင် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဘောင်များထဲမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်များကို ရေးဆွဲပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လာရောက် ရင်းနှီးမြုပ်နှံရန်အတွက် အကြိုလေ့လာဆန်းစစ် မှုများကို စင်ကာပူနိုင်ငံရှိ အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် PWC နှင့် ညှိနှိုင်း၍ စီမံကိန်းလေ့လာဆန်းစစ် မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ယနေ့ အခမ်းအနားတွင် မလေးရှား-မြန်မာစီးပွားရေးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Gilbert Lee နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး မစ္စတာ ဇာဟိုင်းရီဘရာဟင်မ် တို့ က အမှာစကားပြောကြားကြပြီး ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းထံမှ မြန်မာနိုင်ငံအတွင်းရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ပေးပို့လာသည့် တင်ပြချက်ကို ဗွီဒီယိုဖြင့် ပြသသည်။ 


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးပညာရှင် မစ္စတာ ဟန်းစ်အာနမ်ဘတ်ခ် နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းတို့က မြန်မာနိုင်ငံစီးပွားရေးနှင့် နိုင်ငံတော် အစိုးရ၏ စီမံကိန်းဘဏ်တို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားကြသည်။


ယနေ့ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှတာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး မစ္စတာ ဇာဟိုင်းရီဘရာဟင်မ်၊ မလေးရှား-မြန်မာစီးပွားရေးကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်ကြသည်။ 


(သတင်း၊ မင်းသစ်(MNA)/ ဓာတ်ပုံ၊ရဲထွဋ်)