မကွေး ၁၄ စက်တင်ဘာ

 

ရန်ကုန်မြို့ကလာသည့် ကုန်တင်ကားများကို မကွေးမြို့တွင်းသို့ ဝင်ခွင့်ပြုတော့မည်မဟုတ်ဘဲ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ အထက(ခွဲ)ကျောင်းအတွင်း၌ ဖွင့်လှစ်ထားသည့် ယာယီစခန်း၌သာ ကုန်တင်ကုန်ချရန် စီစဉ်ပေးထာကြောင်း မကွေးမြို့၊ ပုဂ္ဂလိကလုပ်ငန်းသုံး ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီက သိရသည်။

 

မကွေးတိုင်းတွင် တိုင်းဒေသကြီးပြင်ပယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ ပိတ်ပင်ထားသော်လည်း ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရေးနှင့် ရောဂါပြန့်ပွားမှု မရှိစေရေးတို့အတွက် ယာယီယာဉ်ရပ်နားစခန်း စီစဉ်ပေးထားခြင်းဖြစ်သည်။

 

"စက်တင်ဘာ ၁၂ ရက် ညပိုင်းကစပြီး ယာယီစခန်းစဖွင့်တာ။ ၁၄ ရက်မနက်ပိုင်းထိ ဝင်လာတဲ့ ကုန်ကား ၄၀ ဝန်းကျင် ရှိပါတယ်။ အဲဒီမှာ ကုန်ချပြီး မြို့ထဲကို ခေါက်တိုယာဉ်မောင်းနဲ့ ကုန်ချရမှာပါ။ ရန်ကုန်ယာဉ်မောင်း အုပ်စုကို သီးခြားအဆောင်နဲ့ ထားပါတယ်။ မြို့ထဲဝင်ခွင့်မပေးပါဘူး" ဟု မကွေးမြို့၊ ပုဂ္ဂလိက လုပ်ငန်းသုံး ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

 

ဒေသခံယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များကို အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု Quarantine (၁၄)ရက် နေထိုင် ပြီးမှ ဝင်ခွင့်ပြုမည်ဖြစ်ပြီး မကွေးပညာရေးကောလိပ် Quantine အဆောင်သို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

မကွေးတိုင်းအတွင်းရှိ ယာဉ်လိုင်းများကို ပိတ်ပင်ထားခြင်းမရှိဘဲ ကိုဗစ်စည်းမျဉ်းများနှင့်အညီ ပြေးဆွဲကြရန် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ပုဂ္ဂလိကလုပ်ငန်းသုံး ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီက သိရသည်။

 

ဇေယျတု(မကွေး)

 

mdn