ရန်ကုန် ဒီဇင်ဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်သူနာပြုသင်တန်းကျောင်း၊ ဖလမ်းသူနာပြုသင်တန်းကျောင်း၊ သူနာပြုနှီးနွှယ် ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း၊ သန်လျင် သားဖွားသင်တန်းကျောင်း၊ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းနှင့် မြောက်ဥက္ကလာပ သူနာပြုသင်တန်းကျောင်းတို့၏ သူနာပြု - သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ သင်တန်းဆင်းမောင်မယ်များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့၏ သူနာပြုအတတ်ပညာဖြင့် လူနာများကို ပြုစုစောင့်ရှောက်ရသည့် လုပ်ငန်းများသည် လွန်စွာမွန်မြတ် သည့်အလုပ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို အထူးအလေးထား စောင့်ရှောက်ပေးကြရန်နှင့် မိမိကိုယ်တိုင်လည်း ကျန်းမာကြံ့ခိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ နေထိုင်မှုစနစ်ကို လေ့လာပြီး မိမိတို့မှ စွမ်းနိုင်သလောက် ကူညီဆောင်ရွက်ပေး စေလိုကြောင်း၊ နိုင်ငံတော်အတွက် သားကောင်း သမီးကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် ဒီပလိုမာ အပ်နှင်းခံရမည့် သူများအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး မြောက်ဥက္ကလာပ သူနာပြု သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီးက အမှာစကား ပြောကြားသည်။
ထို့နောက် ဒီပလိုမာအပ်နှင်းခံရသူ ၃၀၃ ဦးအား သက်ဆိုင်ရာ သင်တန်းကျောင်းများမှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သူနာပြု - သားဖွား ဒီပလိုမာ အောင်လက်မှတ်များကို အပ်နှင်းပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးကြသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်တွင်း၌ ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ ၉ဝ ဒသမ ၇၄ ရာခိုင်နှုန်း တင်ပို့၍ ပြည်တွင်း၌ ၉ ဒသမ ၂၆ ရာခိုင်နှုန်း ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာ ထွက်သီးနှံများအား တန်ဖိုးမြှင့်တင်ထုတ်လုပ်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးကို ခွဲခြား ထုပ်ပိုး၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံးနှစ်ဘီး၊ သုံးဘီးဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ် ခြင်းနှင့် ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၉၅၆၄ ဒသမ ၀၂၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၈၈ ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၄၁၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း ၄၃၀ တိုးမြှင့်ခန့်ထားခွင့် တင်ပြလာသည့် လုပ်ငန်းတစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၇ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


