ရန်ကုန် ၂ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့(YRG)နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကန်း (Yangon Urban Mass Raspid Transit- YUMRT) နှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပထမဆုံး အသိပေးရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ကျန်စစ်သားလမ်း အောင်မြေသာစေတီတော်ဝင်း သာသနာ့မကုဋအတုလ ဗိမာန်တော်ကြီး၌ ဇွန် ၁ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်း ဝဲ-ယာ နှစ်ဘက်တွင် နေထိုင်သော ပြည်သူတစ်ထောင်ကျော် တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းနှင့် သက်ရောက်မည့် ဧရိယာတစ်ခုလုံး စစ်တမ်းကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် ရန်ကုန်မြို့အနောက်ဘက်မှ အရှေ့ဘက်သို့ ဆက်စပ်နေသည့် မြို့နယ်များဖြစ်သော လိူင်သာမြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ် တို့အနက် ပထမဦးစွာ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ရမည့် လှိုင်သာယာဘူတာရုံ ၎င်းနယ်နမိတ်၏ ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းမဘေး ဝဲ-ယာ နှစ်ဖက်တွင် သဘာဝပတ်ဝန်းနှင့် လူမှုဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း အကောင်အထည်ဖေါ်ခြင်းဖြင့် လူထုတွေ့ဆုံပွဲကို ပထမဆုံး ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြန်မာ့မီးရထား သယ်ယူပို့ဆောင်ရေး အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ကျွန်တော်တို့ ရန်ကုန်မြို့မှာ မိုးပျံလျှပ်စစ်ရထား မဟာဗျူ ဟာစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ နိုင်တော်အစိုးရက လုပ်တာပါ၊ ပြည်ထောင်စုဝန်ကြီးဌာန ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့ JICA က ရန်ပုံငွေချေးငွေနဲ့ လုပ်ပါမယ်။ ဒီလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှာ လေ့လာခြင်းနဲ့ ဒီဇိုင်းရေးဆွဲခြင်းလုပ်ပါတယ်။ ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းတည်ဆောက်ခြင်းစဖို့ လျာထားပါပြီး ၂၀၂၇ ခုနှစ်မှာ စတင်လည်ပတ်နိုင်မှာ ဖြစ်ကြောင်းလျာထားပါတယ်။ လှိုင်သာယာဘူတာကနေ ဘုရင့်နောင်တံတား တောင်ဘက်ခြမ်းကနေ လှိုင်မြစ်ကိုဖြတ်မယ်၊ အုတ်ကျင်းပါရမီလမ်းအတိုင်း ပါရမီခုန်းကျော်တံတား မြောက်ဘက်ခြမ်းကနေ တိုးကြောင်ကလေးဘူတာမှာ ဆုံးမှာဖြစ်တယ်။ ဒီအတွက် ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့မှု တွေလျော့ကျသွားမှာဖြစ်ပါတယ်"ဟု ပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး