ရန်ကုန် ၂၂ မေ
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဗိသုကာ ဦးအောင်စိုးမြင့်၊ ပန်းချီ ဦးထိန်လင်းတို့၏ Found: Our Heritage, Our Future အမည်ရသော ပြပွဲအသစ်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံးတွင် မေ ၂၅ ရက်မှစတင်၍ အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဆောက်အဦးတွေရှိမယ်။ ခုချိန်ထိလဲရှိပြီး လူတွေသိပ်မသိသေးတဲ့ အဆောက်အဦတွေရှိမယ်။ အဲဒါတွေကို ပြန်ပြီးတော့ အများပြည်သူ လေ့လာနိုင်အောင်ပေါ့နော်။ အရင်ပြပွဲကတော့ ဓာတ်ပုံတွေပဲပြခဲ့တယ်။ ဒီတစ်ခါကျတော့ ပစ္စည်းတွေပေါ့။ ကိုလိုနီခေတ်ကစပြီး နှောင်းပိုင်းကာလဖြစ်တဲ့ လွတ်လပ်ရေးရပြီးကာလအထိ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ တစ်ချို့အဖွဲ့အစည်းလေးတွေမှာ အမှတ်တရအနေနဲ့ ထုတ်ထားတဲ့ပစ္စည်းလေးတွေ ဒီမှာသိမ်းထားတယ်။ တစ်ချို့ ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့ အဆောက်အဦးရဲ့ အပိုင်းအစလေးတွေ ဒါတွေကိုလည်း ဒီမှာပြထားတယ်။ ဒီပစ္စည်းတွေက ဘယ်ကထွက်လာသလဲ၊ ထွက်လာတဲ့ ဟိုတယ်အဆောက်အဦတွေရဲ့ ဓာတ်ပုံတွေကိုလဲ ပြထားပါတယ်” ဟု ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုသူရိန်အောင်က ပြောသည်။
အဆိုပါပြပွဲတွင် လူအများ၊ နေရာများ၊ အမှတ်တရများ၊ သမိုင်းဝင်ပစ္စည်းများအကြား ရင်းနှီးသည့် ဆက်နွယ်မှုများကို ပြသထားပြီး ရန်ကုန်မြို့၏ ထူးခြားသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်ပြသမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဦးအောင်စိုးမြင့် ရှာဖွေစုဆောင်းထားသည့် ပစ္စည်းများမှတစ်ဆင့် ရန်ကုန်မြို့၏ အရေးပါသော အမွေအနှစ် အဆောက်အဦများနှင့် ဆက်စပ်သည့် သမိုင်းပုံပြင်များကို ပြပွဲမှတစ်ဆင့် ပြသသွားမည်ဖြစ်ည်။ ၎င်းတို့အနက် အချို့သော အဆောက်အအုံများသည် ဖြိုဖျက်ခံလိုက်ရပြီဖြစ်ပြီး အချို့ကို ယနေ့တိုင် တွေ့မြင်နေရဆဲဖြစ်သည်။ ထိုအဆောက်အအုံများကို အမှတ်ရစေမည့် အရာဝတ္ထု ပစ္စည်းများသည် လူတစ်ဦးမှတစ်ဦး၊ နေရာတစ်ခုမှတစ်ခု အဆင့်ဆင့် ဖြတ်သန်းခဲ့ကြရပြီး ဖြစ်သည်။
ယခုပြသမည့်ပြပွဲတွင် ထိုအရာများ၏ သိမ်မွေ့သည့် ယှက်နွယ်မှုနှင့် ပုံပြင်များကို သမိုင်းဝင်ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် ပေါင်းစပ်ပြီး ပြသထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအရာဝတ္ထုပစ္စည်းများကို ဖြိုဖျက်ခံရပြီး ဆုံးရှုံးခဲ့ရပြီးဖြစ်သည့် အမွေအနှစ် အဆောက်အအုံများမှ ကျန်ရစ်သည်များဖြင့် ဖန်တီးထားသော မှန်ဘီရိုများတွင် ထည့်သွင်းပြသမည်ဖြစ်ကြောင်း သိရသည်။
ပြကွက်များတွင် မြန်မာ့မီးရထားက အသုံးပြုခဲ့သော ၂၀ ရာစုအစောပိုင်း လူကိုယ်တိုင်လိုက်လံ ထွန်းညှိရသည့် လမ်းမီးတိုင်၊ ဦးဝိစာရလမ်းမပေါ်တွင် တည်ရှိခဲ့သော ဝိဇယရုပ်ရှင်ရုံ တည်ဆောက်စဉ်နှင့် ဖွင့်ပွဲလုပ်စဉ် မှတ်တမ်းဓာတ်ပုံများ၊ ၁၉ ရာစုနှောင်းပိုင်း သမိုင်းဝင် လူနေဆိုင်ခန်းများတွင် အသုံးပြုခဲ့ကြသည့် တရုတ်ရိုးရာသစ်သားဒေါက် စသည်ဖြင့် အမျိုးအစားစုံလင်လှသော ရန်ကုန်မြို့ပြအမွေအနှစ်များကို ပြသထားသည်။
ထို့ပြင် ပန်းပြန်ဖြစ်တဲ့ ပွင့်လွှာကြွေပြကွက်တွင် ရန်ကုန်၌ အကြောင်းကြောင်းကြောင့် ဖျက်သိမ်းခဲ့ရသော အဆောက်အအုံများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ၎င်းကို ပြောင်းပြန်ပုံစံအဖြစ် အုတ်ပုံအဖြစ်မှ တဖြည်းဖြည်း အဆောက်အဦ ပြန်လည်ဖြစ်သွားပုံ ပြကွက်များ ပါဝင်သည့်အပြင် ဖျက်သိမ်းခဲ့သော အဆောက်အဦများမှ အင်္ဂတေတုံးများဖြင့် ဖန်တီးထားသော ပန်းပုလက်ရာ ပုံစံမျိုးများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှစတင်၍ Globel City ဓာတ်ပုံပြပွဲ (၄) နှစ်ကျော် ပြသခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)