ရန်ကုန် ၁၈ စက်တင်ဘာ

သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်း၊ မြတ်ခင်းတုအားကစားကွင်းရှိ ယာယီဆေးရုံ (Tent Hospital)  အပြင် ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင်ပါ ယာယီဆေးရုံများ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်ဇော်ဝေစိုးက ပြောကြားသည်။

သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းရှိ မြတ်ခင်းတုအားကစားကွင်းတွင် ဧရာဝတီဖောင်ဒေးရှင်းမှ ယာယီဆေးရုံလေးခု ဆောက်လုပ်လျက်ရှိပြီး ယာယီဆေးရုံ တစ်ခုလျှင် ကိုဗစ်-၁၉ လူနာ ၁၀၄ ဦး ထားရှိနိုင်မည်ဖြစ်ရာ ဆေးရုံလေးခုတွင် စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၄၁၆ ဦး ထားရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတို့တွင်ပါ ယာယီဆေးရုံများ တည်ဆောက်နေကြောင်း သိရသည်။

ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “အခုဆေးရုံကြီးလေးရုံမှာ Tent Hospital တွေ ထိုးနေတယ်။ အဲ့ဒီမှာ ကိုဗစ်-၁၉ positive လူနာထားဖို့တော့ မဟုတ်ပါဘူး။ ဘာလို့လုပ်သလဲဆိုတော့ ကိုဗစ်-၁၉ ဖြစ်နိုင်ခြေရှိတဲ့ မသင်္ကာတဲ့သူတွေကို ကျွန်တော်တို့က ဆေးရုံကြီးတွေထဲကို မထည့်ချင်ဘူး။ ဆေးရုံကြီးတွေထဲမှာ သက်သက်အဆောက်အဦးရှိရင် ထားမယ်။ မရှိရင်တော့ ဆေးရုံအဆောက်အဦးအကြီးကြီးထဲကို အဲ့ဒီလူနာတွေ ကျွန်တော်တို့ မထည့်ချင်ဘူး။ အဲ့ဒီလူနာတွေကတစ်ဆင့် ဆေးရုံကြီးထဲမှာရှိနေတဲ့ အခြားလူနာတွေကို ကူးစက်သွားလို့ရှိရင် အခြားလူနာတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဆေးရုံကြီးလေးရုံမှာ ကျွန်တော်တို့ ယာယီတဲတွေ ထိုးနေတယ်။ လူလေးငါးဆယ်ဆန့်တဲ့ ယာယီဆေးရုံလေးတွေ ဆောက်နေပါတယ်။ ရန်ကုန်ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံနဲ့ အင်းစိန်ဆေးရုံတွေမှာပါ။ ဆေးရုံတွေကို ရောက်လာပြီးတော့ သံသယရှိသူတွေကို Swab မယူခင်နဲ့  Swab အပြီး အနေအထားမှာ ထားမှာဖြစ်ပါတယ်။ ဒါမှ သူတို့ သက်သက်သာသာနေနိုင်မယ်၊ သီးခြားနေနိုင်မယ်။ ရေ၊ မီး၊ လေအေးပေးစက်နဲ့ အကန့်လေးတွေ ထားပြီးဆောင်ရွက်မှာပါ” ဟုပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ positive လူနာများအား အများပြည်သူ့ဆေးရုံများတွင် ထားရှိခြင်းမပြုဘဲ လူနာများအတွက် သီးခြားဆောက်လုပ်၍ ထားရှိကုသရာ အောင်မြင်မှုများ ရရှိခဲ့သည်။

ဆေးရုံများတွင် ယာယီဆေးရုံများထားရှိရခြင်းနှင့် ပတ်သက်၍ “နိုင်ငံတကာမှာ အတွေ့အကြုံအရ တရုတ်နိုင်ငံ ဝူဟန်မှာဆိုရင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို သီးခြားကုပါတယ်။ ကျွန်တော်တို့ ဒါကို သီးခြားလုပ်နေပါတယ်။ အင်္ဂလန်၊ ဥရောပ၊ အီတလီ၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ သီးခြားမလုပ်ခဲ့လို့ ဆေးရုံထဲက လူနာတွေရော၊ ကိုဗစ်-၁၉ ကူးစက်လူနာတွေပါ တော်တော်များများ သေတာတွေ့ရမှာပါ။ လမ်းပေါ်အထိကို ရောက်တယ်။ ထားစရာနေရာမရှိတော့ဘူး ဆိုတာမျိုး အထိပေါ့။ ဒါကြောင့် သီးခြားထားနိုင်အောင် စီစဉ်တာပါ” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

သတင်း.. ရဲခေါင်ညွန့်၊ ဓာတ်ပုံ.. ဇေယျာကျော်ဝင်း