ရန်ကုန် ၂၂  သြဂုတ် 


ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေးသိကောင်းစရာ အသိပညာပေး ဟောပြောပွဲများကို သြဂုတ် ၁၉ ၊ ၂၀၊ ၂၁ ရက်များတွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်)တို့၌  ကျင်းပခဲ့သည်။


အဆိုပါ ဟောပြောပွဲများသို့ သက်ဆိုင်ရာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ပညာပေးဟောပြောပွဲများတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအရေး ဆောင်ရွက်ပေးနေသော အမျိုးသမီးအဖွဲ့ (၇)ဖွဲ့အနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးအသိပညာပေးလုပ်ငန်းသည် မိမိတို့အသင်း၏ အဓိကအကျဆုံးမဟာဗျူဟာတစ်ရပ် ဖြစ်ကြောင်း၊ အဆင်မပြေသေးသည့် အချိန်ကာလ၌ ကိုယ်ဝန်မရရှိစေရန် နေထိုင်တတ်စေခြင်း၊ စီမံကိန်းချပြီး မိသားစုဘဝထူထောင်တတ်စေခြင်းတို့သည် တစ်ကိုယ်ရေမိခင်ဖြစ်ခြင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များဖြစ်ခြင်းတို့ကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ပါကြောင်းနှင့် ရင်ခွင်မဲ့ ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေးအတွက် မျိုးဆက်ပွားကျန်းမာရေး အသိပညာများ  မှန်ကန်စွာရရှိရေးသည် အရေးကြီးကြောင်း ရှင်းလင်းဆွေးနွေးသည်။ 


ဆက်လက်၍ အသင်း၏အတွင်းရေးမှူး ဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာသဇင်ညွန့် တို့က သားဆက်ခြားနည်းလမ်းအမျိုးမျိုးတို့၏ အကျိုးဆက်များနှင့် ဆက်စပ်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဆင်မပြေသေးသည့် အချိန်ကာလတွင် မလိုချင်သော သား၊ သမီးများ မရရှိအောင် မိမိတို့စိတ်တိုင်းကျသည့်နည်းလမ်းများ ရွေးချယ်သုံးစွဲခြင်းဖြင့် သာယာလှပသော မိသားစုဘဝ၊ လူမှုဘဝများ ထူထောင်နိုင်မည်ဖြစ်ပြီး တစ်ကိုယ်ရည်မိခင်ဘဝ၊ ရင်ခွင်မဲ့ကလေးငယ် ဘဝများ မရောက်ရှိစေရန် ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည် များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။


ဟောပြောပွဲများသို့ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၀ဝ) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)

 

DSC_6