ရန်ကုန် ၊ ဧပြီ ၁၃
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံက် ၇ နာရီ ၁၅ မိနစ်တွင် အဆိုပါ မဟာသင်္ကြန်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ကျင်းပသော အခမ်းအနားသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူပြည်သား၊ မြို့တော်သူမြို့တော်သားအပေါင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး အချိန်အခါသမယတွင် မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာနှင့် အညီအေးမြကြည်လင်သော မေတ္တာရေစင်ပက်ဖျန်း၍ ခြိမ့်ခြိမ့်သဲ ပျော်ရွှင်စွာ ဆင်နွဲသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကြီး ဖြစ်သဖြင့် ယခုအချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး မင်္ဂလာရှိသည့် အချိန်အခါ သမယလည်း ဖြစ်ပါကြောင်း။
ကိုဗစ်ကြောင့် ရပ်နားထားရသည့် မြန်မာရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဘိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာနိုင်စေသည့် ဓလေ့စရိုက်ကောင်းများ ဖြစ်ထွန်းလာစေရန်ဆိုသည့် အနှစ်သာရများဖြင့် ကျင်းပသည့် ထူးခြားလေးနက်သော မြန်မာ့ရိုးရာပွဲတော်ကြီးလည်း ဖြစ်ပါကြောင်း။
ယခုနှစ်အတာသင်္ကြန်၌ မြန်မာအမျိုးသားရေးစိတ်ဓာတ် ပေါ်လွင်နိုင်ရေး၊ မြန်မာ လူမျိုးများ၏ ဂုဏ်သိက္ခာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်း စောင့်ရှောက်လျက် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွဲရန် ဆုတောင်းပတ္တနာ ပြုလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ၁၃၈၃-ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ထို့နောက် အဆိုတော် သန်းမြတ်စိုး က မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ယိမ်းသမလေးများနှင့်အတူ ‘မြူမှောင်ဝေကင်း’ သီချင်းဖြင့် ဖွင့်လှစ်သီဆိုဖျော်ဖြေပြီး အဆိုတော် စိုးညီညီက ‘နွေရတု’ ပွဲတော်သီချင်းဖြင့် ဆက်လက် သီဆိုဖျော်ဖြေကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အမေများအဖွဲ့က ‘ရွရွ လေး’ သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို နံနက်ပိုင်းအစီအစဉ်တွင် ယိမ်းအဖွဲ့များယှဉ်ပြိုင်မှုနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနုပညာရှင်များက တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်ပြီး ညနေပိုင်းတွင် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ခြင်း၊ တေးဂီတ ဖျော်ဖြေမှုနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ဖျော်ဖြေတင်ဆက်ကြသည်။
အလားတူ သင်္ကြန်အကျ၊ အကြတ်နှင့် အတက်နေ့တို့တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အများပြည်သူတို့ကို ဖျော်ဖြေသွားမည်ဖြစ်ပြီး ယနေ့မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့နေ ပြည်သူများ မဟာဗန္ဓုလပန်းခြံတွင် လမ်းလျှောက်သင်္ကြန် ဆင်နွဲမှုနှင့်အတူ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီးကန်ပတ်လမ်း၊ အင်းလျားကန်နှင့် ခရိုင်၊ မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်တို့၌ အတာရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲကြကြောင်း သိရသည်။
သတင်းစဉ်


