ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဝန်ထမ်းသန်တင်းကျောင်းသင်တန်းခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော်ဘဏ်လီမိတက်မှ သင်တန်းသား သင်တန်းသူ ၁၇၂ ဦး တက်ရောက်ကြပြီး လုပ်ငန်းတာဝန်မပျက် တက်ရောက်နိုင်ရေးအတွက် အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့များတွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် မအူကုန်း အားကစားဝင်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှုအဖွဲ့ချုပ် လက်ရွေးစင်လေ့ကျင့်ရေးစခန်းသို့သွားရောက်၍ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့အဆင့် ကာယဗလ ဖိတ်ခေါ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှု အားပေးပြီး ယှဉ်ပြိုင်ရာတွင် အားကစားစိတ်ဓာတ်အပြည့်နှင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကြရန် မှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)