ရန်ကုန်  ၁   ဇူလိုင်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းအချက်အလက်များ ရယူနိုင်မှုနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများနှင့်တွေ့ဆုံမှု အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၄)တွင် ပြုလုပ်သည်။

 


ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်မောင်စိုးက နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် သတင်းအချက်အလက် ဖြန့်ဝေခြင်းတွင် အချက်နှစ်ချက်ရှိကြောင်း၊ ကော်မတီ အနေဖြင့် သိစေချင်သည့် သတင်းအချက်အလက်ရှိ သကဲ့သို့ မီဒီယာများအနေဖြင့် သိလိုသည့် အချက်များရှိကြောင်း၊ ထို့အတွက် လတစ်လ၏ ပထမ တနင်္လာနေ့နှင့် တတိယ တနင်္လာနေ့တိုင်းတွင် မီဒီယာနှင့်တွေ့ဆုံခြင်းကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သို့မှသာ သတင်းစီးဆင်းမှုသည် မှန်ကန်လာမည် ဖြစ်ကြောင်း။

 


၂၀၁၈ ခုနှစ် စည်ပင်သာယာရေးဥပဒေအရ ယခင်က မြို့နယ်နှင့်ခရိုင် ကော်မတီ ဟူ၍ရှိကြောင်း၊ ယခုအခါ ခရိုင်အဆင့်ကိုဖြုတ်ပြီး စည်ပင်သာယာရေးကော်မတီ (YCDC)နှင့် မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီဟူ၍ ဖွဲ့စည်းထားရှိ ကြောင်း၊ မြို့နယ်တိုင်းတွင် စည်ပင်သာယာဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့်(၂)၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့ဖြင့် ဖွဲ့စည်းထားရှိကြောင်း။

 


ဖွံ့ဖြိုးမှု စီမံချက်တွင် လိုအပ်ချက်များရှိ သည့်အတွက် YCDC ၏ လုပ်ငန်းဖွဲ့ စည်းပုံ ကိုပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်း တာဝန်ခံအဖွဲ့(၇)ဖွဲ့တွင် မြေယာ၊ ဆောက်လုပ်ရေး၊ ရေစီးရေလာ၊ လမ်းတံတား၊ ရေဆိုး၊ ကျန်းမာရေးနှင့်ဈေးများဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးတို့ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကဏ္ဍ(၇) ခုသည် မြို့နယ်များတွင် လိုအပ်သည့် ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ဝင်ရောက် ပံ့ပိုးသွား မည်ဖြစ်ကြောင်း၊ မြို့နယ်များ၏ လိုအပ်ချက်များ ကို YCDC မှ ဖြည့်ဆည်းဆောင်ရွက် လျက်ရှိကြောင်း။

 


ယခင်က မြို့နယ်များတွင် ချိတ်ဆက်မှုအားနည်းခဲ့ပြီး ယခုအခါ ချိတ်ဆက်မှု အားကောင်းလာသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်၏ဖွံ့ဖြိုးမှု လိုအပ်ချက်များကို ကဏ္ဍကြီး(၇) ခုက မည်သို့ဖြည်းဆည်း ပေးရမည်ဟု ပါရှိလာကြောင်း၊ မြို့နယ်များ၏ လိုအပ်ချက်များကို YCDC က ဖြည့်ဆည်းပေးရသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ၃၃ မြို့နယ်အနေဖြင့် မြို့နယ် အချင်းချင်း ချိတ်ဆက်မှုအားကိုယူပြီး မြို့နယ်များနှင့် YCDC တို့၏ ချိတ်ဆက်မှုအား ကိုလည်းယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ် ဥက္ကဌများနှင့် YCDC မှ ကော်မတီ ဝင်များတွေ့ဆုံပြီး အပြန်အလှန် ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာ သမားများ၏ မေးမြန်းမှု အပေါ် သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ဌာနမှူးများက ပြန်လည်ဖြေကြားရာတွင် ရေစီးရေလာကိစ္စနှင့် စပ်လျဉ်း၍ မိုးမကျမီကာလကပင် (၃၃)မြို့နယ်အတွင်း၌ အဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် ယခင်နှစ်များ ထက် (၇၅)ရာခိုင်နှုန်း ရေကြီး ရေလျှံမှု သက်သာသွားပြီဖြစ်၍ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း၊ ခွေးလေခွေးလွင့်များနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌများ၏ ဆန္ဒအပေါ်မူတည်၍ ဆောင်ရွက်ပေးနေကြောင်း၊ YCDC က ပြုလုပ်ထားသော Yangon City Myanmar.comတွင် အိမ်မွေးတိရစ္ဆာန်မွေးမြူရေး လျှောက်လွှာကို ရယူနိုင်ကြောင်း၊ ခရိုင် (၄)ခရိုင်၌ ခွေးများကို မှတ်ပုံတင်နိုင်ရန် ဖွင့်လှစ် ပေးထားကြောင်း၊ ထို့အပြင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌများအနေဖြင့် မိမိတို့၏ မြို့နယ်အတွင်း ခွေးအကောင် ရေ(၂၀)နှင့် အထက် မှတ်ပုံတင်ရန် တင်ပြလာ ပါက တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဌာနအနေဖြင့် ရပ်ကွက်များအတွင်း လာရောက်၍ မှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်း၊ ခွေးလေခွေးလွင့်ဖမ်းဆီးမှုများကိုလည်း ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးသည့် မြို့နယ်များတွင်လည်း အိမ်မွေး တိရစ္ဆာန်ဖြစ်သည့် ခွေးနှင့်ကြောင် မှတ်ပုံတင်များကို တစ်ပါတည်းအိမ် တိုင်ရာရောက် ပြုလုပ်ပေးနေကြောင်း၊ ခွေးလေခွေးလွင့်များကို ရှင်းလင်းရာတွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ နည်းလမ်း(၆)သွယ်ဖြင့် ဆောင်ရွက်နေကြောင်း။

 


ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထု၏ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ YCDC နယ်နိမိတ်အတွင်း လေထုအရည်အသွေး စောင့်ကြည့်လေ့လာမှုကိုလည်း ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း အချို့နေရာ များတွင် သက်မှတ်ထားသည့် စံချိန်စံညွှန်းများထက် မြင့်မားနေသည်ကိုလည်း တွေ့ရှိရ ကြောင်း၊ စက်မှုဇုန်များတွင်လည်း လေထုညစ်ညမ်းမှုကိုဖြစ်စေသည့် ကာဗွန်ဒိုင် အောက်ဆိုဒ်များသော လောင်စာများကို လျော့ချရန် အကြံဉာဏ်ပေးခြင်းများနှင့် ပူးပေါင်းဆာင်ရွက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း ခွင်များမှထွက်ရှိသည့် အမှုန်အမွှားများကို လည်းနည်းနိုင်သမျှနည်းအောင် ဆောက်လုပ် ရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိကြောင်း စသည်ဖြင့်ပြန်လည်ရှင်း လင်းဖြေကြားကြသည်။

 


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံ သည့် ယနေ့အခမ်းအနားသည် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာ သမားများတက်ရောက်ကြသည်။

 


သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

44