ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ဦးဝိဇာရလမ်းနှင့် ဦးထောင်ဘိုလမ်းထောင့်ရှိ ဦးဥတ္တမပန်းခြံသို့ ရောက်ရှိပြီး စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြက်ခင်းပြင်၊ သစ်ပင်ပန်းပင်များ အလှပုံဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ် ရောက်ရှိပြီး ဆင်ရုပ်ရေကန်အတွင်း ရေညှိနှင့်ရေမှော်များ ရှင်းလင်းနိုင်ရန်အတွက် ရေနေသတ္တဝါများနှင့် ဂေဟစနစ်ထိခိုက်မှုမရှိစေရေး သတ်မှတ်ချက်နှင့်အညီ ကန်အတွင်းသို့ Copper Sulphate ဆေးဖျန်းနေမှုနှင့် ဆင်ရုပ်ရေကန်မှတစ်ဆင့် ကန်တော်ကြီးအတွင်းသို့ ဝင်ရောက်သည့် ရေဝင်ပေါက် ရေစစ်ကန်အတွင်း နုန်းနှင့်သဲမြေများ တူးဖော်ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်းရေထုတ်စနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီးသဘာဝဥယျာဉ် ဖိုးစိန်လမ်းရေ ဝင်ပေါက်သို့ လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အင်လျားကန်ရေပိုရေလွှဲသို့ လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့်သို့ လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်ရှိ ဥက္ကလာသီရိပန်းခြံသို့ လည်းကောင်း သွားရောက်၍ ရေဝင်ပေါက် ရေစစ်ကန်အတွင်းမှ နုန်းများဆယ်ယူရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များရှင်းလင်းနေမှု၊ ဗေဒါနှင့်ရေမှော်များ ဆယ်ယူရှင်းလင်းနေမှု၊ ကန်တော်ကြီးရေပြင် သန့်ရှင်းရေးနှင့် ရေလဲလှယ်နိုင်ရေးအတွက် အင်လျားကန်မှရေ ဖြည့်တင်းပေးမှု၊ မိုးသည်းထန်စွာ ရွာသွန်းပါက ကန်ရေမလျှံအောင် ရေပြည့်ချိန်တွင် ဆည်မြောင်းချောင်း၊ ရေပေါက်ကြည် ချောင်းတို့မှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်းသို့ ရေဖောက်ထုတ်နိုင်ရန် ရေတံခါး ဖွင့်/ပိတ် ထိန်းသိမ်းဆောင်ရွက်နေမှု၊ သံသုမာလမ်း (ပါရမီချောင်းတံတားနှင့် အုတ်ပုံဆိပ်တံတားအကြား)နှင့် ဂန္ဓမာလမ်း (သံသုမာလမ်းနှင့် ဝေဇယန္တရာလမ်းအကြား) လူသွားစင်္ကြံစက်ဘီးလမ်း ပြုလုပ်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်