ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၄) ရပ်ကွက် ဘုရင့်နောင်တံတားအောက်၌ ပန်းခြံတည်ဆောက်နေမှု၊ အမှတ် (၆) ရပ်ကွက် အောင်မင်္ဂလာလမ်းနှင့် ရန်ကုန် - ပုသိမ်လမ်းသို့ ဆက်သွယ်သည့် ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံဝင်းအတွင်း မိုးစပါးရိတ်သိမ်း ခြွေလှေ့ပြီးစီးမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ၈ ရပ်ကွက် မကွေးလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကွန်ကရစ်ဖျော် စက်ရုံဝင်းအတွင်း ကြက်မွေးမြူထားရှိမှု၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်၊ အောင်ဇေယျ တံတားအောက်မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အင်းစိန်/ မရမ်းကုန်း ခရိုင်ရုံးဝင်းအတွင်း ဥစားကြက် မွေးမြူထားရှိမှုနှင့် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံတွင် လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က မြေယာရှုခင်း ပြုပြင်ဆောင်ရွက်ရေးနှင့် ပန်းခြံရုပ်လုံးပေါ်လာစေရေး အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရေး၊ ဓာတ်အားလိုင်းနှင့် ဖုန်းကြိုးများ အမြင်တင့်တယ်အောင် ပြုပြင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ သဘာဝမြေသြဇာ Mass Production တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ လှိုင်မြစ်ကမ်း ထိန်းသိမ်းရန် လမုပင်များ တိုးချဲ့စိုက်ပျိုးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်