ရန်ကုန်မြို့တော်ဝန် ရေအရည်အသွေးစစ်ဆေးရေး ပင်မဓာတ်ခွဲခန်းအဆောက်အဦ ဆောက်လုပ်ရန် မင်္ဂလာ Pile ရိုက်

ရန်ကုန် ဩဂုတ် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံသို့ သွားရောက်၍ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ထားမှုများနှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြင်တော်သာလမ်းဘေးတွင် ရေအရည်အသွေးစစ်ဆေးရေး ပင်မဓာတ်ခွဲခန်းအဆောက်အဦ ဆောက်လုပ်ရန်အတွက် မင်္ဂလာ Pile ရိုက်ခြင်းအခမ်းအနားသို့ တက်ရောက်၍ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က မင်္ဂလာအမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့် မင်္ဂလာ Pile အား ရိုက်သွင်းကာ ရွှေမိုး၊ ငွေမိုးရွာသွန်းပေးသည်။

 

အဆိုပါအဆောက်အဦများ (၃)ထပ်အဆောက်အဦဖြစ်ပြီး မြေညီထပ်တွင် ဓာတ်ခွဲခန်းများ၊ ပထမထပ်တွင် ဓာတ်ခွဲခန်းနှင့် ရုံးခန်း၊ ဒုတိယထပ်တွင် အစည်းအဝေးခန်းနှင့် ရုံးခန်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါဓာတ်ခွဲခန်းမှ သောက်သုံးရေများအတွက် Parameter (၂၉) မျိုးနှင့် ရေဆိုးအတွက် Parameter (၁၃) မျိုးကို စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းအဆောက်အဦအား ISO Standard နှင့်အညီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသည့် e-Government Appiled Training အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၆)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်