ရန်ကုန် သြဂုတ် ၂၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းထောင့်ရှိ အမှတ်(၃) သံမဏိစက်ရုံ ဝန်ထမ်းအိမ်ရာဝင်းသို့ ရောက်ရှိပြီး ရွာမချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး အမှိုက်၊ နုန်းနှင့် မြေကြီးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သီရိမင်္ဂလာလမ်း၊ မြို့တော်ဂေါက်ကွင်းအတွင်းရှိ ရွာမချောင်းမြစ်ဖျားခံရာ ရေမြောင်းတူးဖော်ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေဝင်အား ကောင်းမွန်စေရေးအတွက် ချောင်းအား နက်နိုင်သမျှနက်အောင် တူးဖော်ရန်၊ မြောင်းသွယ်များအား ဆက်လက်ရှင်းလင်းရန်နှင့် မြောင်းဝဲ/ယာ မြေကွက်လပ်များတွင် အုန်းခြံစိုက်ပျိုးခြင်း၊ မြေယာရှုခင်းပြုပြင်ခြင်းများ ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တော်ဝင်လမ်းမှ အောင်သိဒ္ဓိလမ်းအထိ အောင်သိဒ္ဓိချောင်း မြေထိန်းနံရံ တည်ဆောက်နေမှု၊ မင်းဓမ္မလမ်းရေမြောင်းမှ အောင်သိဒ္ဓိချောင်းအတွင်းသို့ ရေစီးဝင်မှုကောင်းမွန်စေရန် ပိတ်ဆို့နေသည့် Pipe Culvert အား ဖျက်သိမ်းရှင်းလင်းထားမှု၊ မင်းဓမ္မလမ်းရေမြောင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် မင်းဓမ္မလမ်းရေမြောင်းဖုံး လူသွားစင်္ကြံ Interlock ခင်းကျင်းနေမှုတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်