ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဗဟန်းစျေး ရောင်းဝယ်ဖောက် ကားနေမှု၊ ကြာတောရလမ်း ရေမြောင်းရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ ကမာရွတ်မြို့နယ် ဟံသာဝတီ အခွန်လွတ်ဈေး ရောင်းဝယ်ဖောက်ကားနေမှု၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ကြားရှိ ဟံသာဝတီမြစ်ထွက်ပေါက် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်သတင်းစာတိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါနေရာများအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယမြို့တော်ဝန်က ကျန်းမာရေးနှင့် ညီညွတ်သည့် အသား/ ငါးများကိုသာ ရောင်းချရန်၊ စျေးနှုန်းများအား လိုအပ်သည်ထက် ပိုမိုရောင်းချခြင်း မပြုလုပ်ရန်၊ စျေးအတွင်းသန့်ရှင်း သပ်ရပ်မှုရှိအောင်ဆောင်ရွက်ရန်၊ မြစ်ထွက်ပေါက် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ရန်၊ စက်ပစ္စည်းများ စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ စက်များကြံ့ခိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ တန်ဆောင်တိုင်စျေးရောင်းပွဲတော် ကျင်းပရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် တန်ဆောင်တိုင် စျေးရောင်းပွဲတော်တွင် စားသောက်ဆိုင်ခန်း ၅၉ ခန်း၊ ၁၀ ပေပတ်လည် စျေးဆိုင်း ၄၂၇ ခန်းဖြင့် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချသွားမည်ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များနှင့် အတူ နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


