နောင်ချို၊ ၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းမှ စေတနာ့ဝန်ထမ်းများသည် ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျန်းမာရေး စစ်ဆေးရေးစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနက် ပိုးတွေ့လူနာများ များပြားလာပြီး မြို့နယ် အတွင်း၌လည်း ပိုးတွေ့လူနာများ ရှိလာသည့်အတွက် အသင်းအနေဖြင့် ပါဝင်ကူညီနိုင်ရန် ဒီဇင်ဘာ ၁ ရက်က နောင်ချိုသို့ ပြန်လည်ရောက်ရှိကြသည်။
နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းမှ ဦးနေဦးသာနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်နေရသော ရန်ကုန်မြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ နှစ်လတိတိ ကူညီဆောင်ရွက်ပေးခဲ့ပြီး နောင်ချိုမြို့သို့ ပြန်လည်ရောက်ရှိ ချိန်တွင် တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ယခုအခါ အဆိုပါ စေတနာမွန်လူမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့များသည် တာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ သဖန်းကိုင်း Quarantine Centre တွင် Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)


