ရန်ကုန် ၁ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်းမြင့်တက်လာမှုကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်လျက်ရှိသလို လူစုလူဝေးများပြားသည့် နေရာများ၊ လူစည်ကားသော နေရာများတွင် ကူးစက်ပြန့်ပွားမှုနှုန်း ပိုမိုပျံ့နှံ့လွယ်ခြင်းကြောင့် ကြိုတင်ကာကွယ်ရေးအသိသတိဖြင့် ပြည်သူအများစုမှာ နှာခေါင်းစည်းများ တပ်ဆင်လာလျက်ရှိရာ အနယ်နယ်အရပ်က ခရီးသွားပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသော ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ယခင်ကထက် ခရီးသည်အများစု နှာခေါင်းစည်းများ စနစ်တကျ ပိုမိုတပ်ဆင်လာခဲ့ကြောင်း ယနေ့ ညနေ ၄ နာရီက မြင်တွေ့ရသည်။

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာန (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်တီတီမြင့်က “ဒလဆိပ်ကမ်းဟာဆိုရင် ဒလမြို့နယ်အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေ ရန်ကုန်မြို့ကို အဓိကကူးသန်းသွားလာကြရတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာလမှာ ခရီးသည်နည်းလာတာကနေ များလာမယ့်အခြေအနေမှာ အခုဖြစ်လာတဲ့အတွက် ခရီးသည်ပိုပြီး နည်းလာတယ်၊ ဌာနအနေနဲ့ လက်မှတ်ရုံအတွင်းမှာ ခရီးသည်တွေအတွက် လက်ဆေးဘေစင်တွေ ပြုလုပ်ပေးထားပါတယ်၊ ခုနောက်ပိုင်း  ခရီးသည်အများစုက Mask တွေ တပ်လာကြတာပိုများလာတယ်၊ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတဲ့အတွက် ခရီးသည်များအနေနဲ့ ခရီးသွားလာကြတဲ့အခါ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ပေးကြဖို့၊ မလိုအပ်ဘဲ အပြင်အထွက်ကြဖို့အတွက် မေတ္တာရပ်ခံပါတယ် ဟု ပြောကြားခဲ့သည်။

 

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်ပြီး သြဂုတ် ၂၉ ရက် ညပိုင်းသတင်း ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ ဓာတ်ခွဲအတည်ပြုလူနာ Case 700 တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒလမြို့ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူအများစုသည် Mask များကို ပိုမို တပ်ဆင်လာခဲ့ခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် အဆိုပါ ရန်ကုန်(ပန်းဆိုးတန်း)-ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ချယ်ရီသင်္ဘော ၃ စီးဖြင့် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ခရီးသည်များကို နေ့စဉ်ပုံမှန်ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် ယခင်ကထက် ခရီးသည်သွားလာမှု လျော့နည်းသွားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)