ရန်ကုန် ၂၃ စက်တင်ဘာ
ရန်ကုန်(ပန်းဆိုးတန်း/ဒလ) ကူးတို့ဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ တွံတေး မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ် တို့မှ ခရီးသွားမိဘ ပြည်သူများစွာတို့ကို ရန်ကုန်မြို့သို့ ချယ်ရီသင်္ဘော(၃)စီးဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိရာ လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေအိမ်တွင် နေထိုင်ရေး(Stay at Home) ကြေညာလိုက်ပြီးနောက် ခရီးသွားပြည်သူ နည်းပါးလာခြင်းကြောင့် သင်္ဘောခရီးစဉ်များကို အသွား ၂၄ ခေါက်၊ အပြန် ၂၄ ခေါက်ဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ ယခုအခါ ခရီးသည် ၂၀ဝ၀ ကျော်သာ ကူးသန်းသွားလာ လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှု ခြေအနေနှင့် ပတ်သက်ပြီး ဒလမြို့နယ်သင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်ဇင်မျိုးဟန် က “ လက်ရှိ အခြေအနေကတော့ ပန်းဆိုးတန်း-ဒလ ကူးတို့အနေနဲ့ ယခင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကာလက သင်္ဘော ခရီးစဉ် အသွား ၄၆ ခေါက်နဲ့ အပြန် ၄၆ ခေါက်ပြေးဆွဲခဲ့တာ နေ့စဉ် ခရီးသည် ၃၀ဝ၀ဝ ဝန်းကျင်သွားလာကြတယ်၊ ခု ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုများပြားလာခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းကျော်ပြည်ကျော်သွားလာမှု ကန့်သတ်တာရယ်၊ ဝန်ထမ်းတွေကို ၂ ပတ်ရုံးတက်၊ ၂ ပတ် အိမ်မှာ အလုပ်လုပ်ဖို့ ညွှန်ကြားတာရယ်၊ ဒေသခံပြည်သူတွေကိုလည်း နေအိမ်မှာနေထိုင်ဖို့ ထုတ်ပြန်လိုက်ပြီးနောက် ခရီးသည်သွားလာမှု လျော့နည်းသွားတာဖြစ်ပါတယ်၊ ယခင် ၄၆ ခေါက်ပြေးဆွဲခဲ့ရာက အခု ၂၄ ခေါက်နှုန်းနဲ့ ပြေးဆွဲခဲ့တဲ့အခြေအနေမှာ ခရီးသည် ၂၀ဝ၀ နဲ့ ၂၃၀ဝ ကြား ဝန်းကျင်ပဲ ကူးသန်းသွားလာနေတာကို တွေ့ရပါတယ် ” ဟု ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက အဆိုပါ ကူးတို့သင်္ဘောဆိပ်ကမ်းသည် အနယ်နယ် အရပ်ရပ်က ခရီးသွားပြည်သူ ၃၀ဝ၀ဝ ကျော်ကို ချယ်ရီသင်္ဘော(၃)စီးဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) မှ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပြီး၊ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူများပြားလာခြင်းကြောင့် ကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးနှင့် ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်တွင်နေထိုင်ကြဖို့ ထုတ်ပြန် ကြေညာထားခြင်းကြောင့် ခရီးသည် ၂၃၀ဝ ခန့်သာ ကူးသန်းသွားလာလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)