ရန်ကုန် နိုဝင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ(၁၅)ရက်မှ (၁၉)ရက်အထိ အစမ်းလေ့ကျင့်ခြင်းအပါအဝင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်း၊ သဟာယအဖွဲ့ဝင်များနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။
ယခု ရန်ကုန်ပညာရေးတက္ကသိုလ် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့(၆၃)ဦး၊ မဟာပညာရေးဘွဲ့(၁၆၂)ဦး၊ M.A(TEFL)ဘွဲ့(၁၈)ဦး၊ ပညာရေးဘွဲ့(၁၂၁၁)ဦး၊ PGDMA ဒီပလိုမာဘွဲ့ (၁၉၄)ဦး၊ Dip ELTM ဒီပလိုမာဘွဲ့(၃၇)ဦး၊ Dip ECCD ဒီပလိုမာဘွဲ့(၂၃)ဦး၊ DEM(၃၇)ဦးနှင့် (စာပေးစာယူ) ပညာရေးဘွဲ့(၂၆၀၇)ဦးတို့ကို ချီးမြှင့်ပေးခဲ့သည်။
ရန်ကုန်ပညာရေးတက္ကသိုလ်အနေဖြင့် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှစ၍ ယနေ့(၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း(၇၃၇၄၄)ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)