နေပြည်တော် နိုဝင်ဘာ ၁၉
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မြို့ရှိ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဆရာဝန်ကြီးများအား (၆)လတစ်ကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical Check-up)ကို ဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများကို ပုံမှန်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာ ဌာန၌ ဒုတိယအကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုကို ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးများမှ သက်ကြီးရွယ်အိုဆေးပညာနှင့် ဓာတ်မှန် ပညာဌာန ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သူနာပြု အုပ်ကြီးနှင့် သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန ပါမောက္ခ ဦးဆောင်သောအဖွဲ့တို့က ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)၊ သက်ကြီး ရွယ်အိုဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု (Geriatric assessment) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ကျန်းမာရေးစစ်ဆေးမှုတွင် သက်ကြီးဆရာဝန်ကြီး (၁၇၂)ဦးအား ကျန်းမာရေးစစ်ဆေး ကုသမှု ပေးခဲ့ကာ ဆီးချိုသွေးချိုရောဂါရှိသူ သက်ကြီးဆရာဝန်ကြီးများ အသုံးပြုရန် သွေးချိုတိုင်းစက် (Glucometer) (၁၅၀)ခု ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)